ယူနိုက်တက် အားကိုးတကြီး ခေါ်ထားတဲ့ အမ်မိုရင်းလည်း မဟန်ရင် ရာထူးက ပြုတ်သွားနိုင်ကြောင်း နဗီး ပြော
မန်ချက်စတာ ယူနိုက်တက်ဟာ အသင်း အခြေမလှပါက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကုန်ရင် နည်းပြ အမ်မိုရင်းကို ရာထူးကနေ ထုတ်ပယ်သွားနိုင်ကြောင်း သရဲနီဟောင်းကြီး ဂယ်ရီနဗီးက ဝန်ခံလိုက်ပါတယ်။
တန်းဆင်းဇုန် ပြိုင်ဆိုင်မှုထဲ ယူနိုက်တက် ပါသွားနိုင်ပါတယ်လို့ နယူးကာဆယ်ပွဲအပြီး အမ်မိုရင်းရဲ့ ထုတ်ပြောမှုဟာ ပရီးမီးယားလိဂ်ခေတ်မှာ ယူနိုက်တက်ရဲ့ ကျဆင်းနေမှုကို သိသာသွားစေခဲ့တယ်။
တကယ်ကြီး ဒီပြိုင်ဆိုင်မှုမှာ ပါသွားခဲ့ရင် အမ်မိုရင်းကို ရေရှည်နည်းပြအဖြစ် မမြင်ရနိုင်ကြောင်းလည်း မှတ်ချက်ပေးခံလာရပါတယ်။
တန်ဟက်ကို ထုတ်ပယ်ပြီး အားကိုးတကြီး ခေါ်ခဲ့သူ ဖြစ်လို့ ယူနိုက်တက် အကြီးအကဲတွေက အမ်မိုရင်းကို ဆက်ထောက်ခံသွားမယ် ထင်လားလို့ မေးခံရချိန်မှာ ဂယ်ရီနဗီးက
” မင်းပြောတာက ဘယ်လိုအခြေအနေမျိုး ဖြစ်လာလာ ထောက်ခံမလား ဆိုတာမျိုးလား? ငါတော့ မထင်ပါဘူး ” လို့ တုန့်ပြန်ခဲ့ပါတယ်။
နဗီးကပဲ “ ယူနိုက်တက် အကြီးအကဲတွေက အမ်မိုရင်းကို ထောက်ပံ့မှုတွေတော့ လုပ်ပေးမှာပါ။ ဇန်နဝါရီဈေးကွက်မှာ မန်နေဂျာကို ပံ့ပိုးပေးဖို့ လုပ်သွားမှာပါပဲ။

သူတို့ အသုံးစရိတ် အကြီးကြီး ထုတ်နိုင်မယ်တော့ မထင်ဘူး။ သူတို့ FFP ကြောင့် ထိန်းလုပ်နေရတော့ နွေမှပဲ ခေါ်ယူမှုကြီးတွေ လုပ်နိုင်မယ့်ပုံပဲ ” လို့ ဆိုပါသေးတယ်။
ယူနိုက်တက်မှာ အမ်မိုရင်း လုပ်ဆောင်နေတဲ့ နည်းစနစ်နဲ့ လူစာရင်း ရွေးချယ်မှုကိုလည်း အထင်ကြီးကြမှုတွေ မရှိပါဘူး။ နဗီးကလည်း အမ်မိုရင်းရဲ့ ပွဲလူစာရင်းတွေကို ကြည့်ပြီး ကြောက်တောင်လာမိတယ်လို့ ဆိုပါတယ်။
“ အသင်းရဲ့ လူစာရင်း ရွေးချယ်မှုမှာ ဟန်ချက်ညီမှုတွေ မတွေ့ရဘူး။ သူတို့ရဲ့ လူစာရင်း ရွေးချယ်မှုကို မြင်ရတော့ ငါ ကြောက်တောင်လာမိတယ်။ သူတို့က ရုန်းကန်နေရသလို အားလုံး ကြိုတင်မျှော်လင့်ထားတဲ့ ရလဒ်မျိုးပဲ ထွက်လာခဲ့ပါတယ် ” လို့ နဗီးက ဆိုသွားတာပဲ ဖြစ်ပါတယ်။