အမိုရင် အခု ကြုံနေရတာက ချဲလ်ဆီးမှာ နည်းပြပေါ်တာ ဖြစ်ခဲ့သလိုပဲ လို့ ဂျင်မီ ကာရေဂါ နှိုင်းယှဉ် သုံးသပ်

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အမိုရင်ဟာ ချဲလ်ဆီးနည်းပြဟောင်း ပေါ်တာ လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရကြောင်း လီဗာပူးလ် အသင်းနောက်ခံလူဟောင်း ကာရေဂါကတော့ သုံးသပ်သွားခဲ့ပါတယ်။

ဘရိုက်တန်နဲ့ အထင်ကြီးလောက်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ဖူးတဲ့ ပေါ်တာဟာ ချဲလ်ဆီးအသင်းကို နည်းပြခွင့်ရခဲ့ဖူးပေမယ့် သိပ်မကြာခင်မှာပဲ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသလို အမိုရင်လည်း မန်ယူအသင်းမှ ထုတ်ပယ်ခံရဖို့ သတင်းတွေ ထွက်ပေါ်လာနေခဲ့ပါတယ်။

ကာရေဂါက “ လက်ရှိ အနေအထားကတော့ ပေါ်တာ ချဲလ်ဆီးကို ကိုင်တွယ်ခဲ့စဉ်က အနေအထားမျိုးနဲ့ အမိုရင် ကြုံတွေ့နေရပါတယ်၊ ချဲလ်ဆီးမှာတုန်းက ပေါ်တာ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ဖူးပါတယ်။

ချဲလ်ဆီးလို အသင်းကို မော်ရင်ဟို၊ အန်ဆယ်လော့တီ၊ ကွန်တီတို့လို နည်းပြတွေကိုင်တွယ်ခဲ့ဖူးတော့ ပရိသတ်တွေ မျက်လုံးထဲ ပေါ်တာက မတိုးနိုင်တော့ပါဘူး၊ အမိုရင်လည်း အဲ့ဒီလို ဖြစ်လာတယ်။

ဒါပေမယ့် သူက ကောင်းတဲ့ အရည်အသွေးတွေ အများကြီး ရှိနေပါတယ်၊ တန်ဟတ် နဲ့တော့ သူက သိပ်တူညီဖွယ် မရှိပါဘူး၊ သူလိုချင်တာတွေသာ အသင်းက ယုံယုံကြည်ကြည် ပေးအပ်မယ်ဆိုရင် ရလဒ်ကောင်းတွေ သူ ရယူပြလာနိုင်မှာပါ ” ဆိုပြီး သုံးသပ်သွားခဲ့ပါတယ်။

ပေါ်တာဟာ ချဲလ်ဆီးအသင်းနည်းပြဟောင်း တူချယ် ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းကို ကိုင်တွယ်ခွင့်ရခဲ့ပေမယ့် ၇ လ အကြာမှာပဲ ရာထူးမှ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပြီး ၃၁ ပွဲမှာ နိုင်ပွဲ ၁၂ ပွဲသာ ရယူပေးနိုင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။