မားကပ်စ် ရက်ဖို့ဒ်၊ မက်ဂွိုင်းယား၊ ဒီရယ်လိုတို့ သတင်းထူးတွေကို လီဗာပူးပွဲကြိုမှာ အသိပေးလာတဲ့ ရူဘင်အေမိုရမ်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်ဟာ နေမကောင်းဖြစ်နေတာကြောင့် မနက်ဖြန် တနင်္ဂနွေနေ့ လီဗာပူးအား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အား လွဲချော်လာပါမယ်။

အသက် ၂၇ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟာ လေ့ကျင့်ခန်းအစီအစဉ်တွင် ညံ့ဖျင်းနေမှု၊ အမူအကျင့် မကောင်းမှုတို့ကြောင့် ရူဘင်အေမိုရမ်ရဲ့ နောက်ဆုံး ၄ ပွဲလူစာရင်းတွင် ချန်လှပ်ခြင်းခံလာခဲ့ရသူလည်း ဖြစ်ပါတယ်။

ရူဘင်အေမိုရမ်ဟာ အောက်တိုဘာလ ၃၀ ရက်နေ့တုန်းက နယူးကာဆယ်အား ရှုံးနိမ့်တဲ့ပွဲတွင် ယူနိုက်တက်လူစာရင်းမှာ ထည့်သွင်းထားခဲ့ပေမဲ့လည်း အသုံးပြုခဲ့ခြင်း မရှိပါဘူး။

ယူနိုက်တက်ဟာ နယူးကာဆယ်ရှုံးပွဲကြောင့် နောက်ဆုံး ၄ ပွဲဆက် အရှုံးနှင့်ကြုံရကာ သုံးပွဲဆက် ဂိုးပေါက်ပျောက်နေခဲ့ပါတယ်။

ရူဘင်အေမိုရမ်က “အခု သူ (ရက်ဖို့ဒ်) နေမကောင်းဘူး။ လေ့ကျင့်ခန်း မလုပ်နိုင်ဘူး။ ဒီတစ်ပတ်မှာ မပါဝင်ဘူး။ (သူ့အခြေအနေ)က အရင်အတိုင်းပါ။ အနာဂတ်မှာ ဘာဖြစ်လာမလဲ ကြည့်ရမယ်။ ဒါပေမဲ့ ဒါက ကစားသမားတစ်ဦးအတွက် သာမန်ကိစ္စပါ။ ပြီးတော့ ကျုပ်က ရွေးချယ်မှုတစ်ခု လုပ်တယ်”လို့ ဆိုသွားပါတယ်။

ရက်ဖို့ဒ် အခြေအနေ အပြင် နည်းပြရူဘင်အေမိုရမ်က ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားအား စာချုပ်ပါအချက်အတိုင်း ၂၀၂၆ ခုနှစ်အထိ စာချုပ်တစ်နှစ်သက်တမ်းတိုးချုပ်ဆိုထားကြောင်းလည်း အတည်ပြုသွားပါတယ်။

ဒါ့အပြင် အေမိုရမ်က တောင်ပံကစားသမားအေမက်ဒီရယ်လိုအား စာချုပ်သက်တမ်းတိုးရေး ဆွေးနွေးနေမှုမှာ အပြီးသတ်လုနီးပါး ဖြစ်နေကြောင်းလည်း အတည်ပြုသွားပါတယ်။

အေမက် ဒီရယ်လိုဟာ ယာယီနည်းပြရုဒ်ဗန်နစ္စတယ်ရွိုင်းနှင့်နည်းပြသစ်အေမိုရမ်တို့ လက်အောက်တွင် အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။