ယူနိုက်တက် ကစားသမားတွေက ကြော-က်နေကြကြောင်း ဝန်ခံရင်း အခြေအနေကို အသိပေးလာတဲ့ အေမိုရမ်
မန်ချက်စတာ ယူနိုက်တက်နည်းပြ ရူဘင်အေမိုရမ်က ယူနိုက်တက်ကစားသမားများမှာ အလွန် ကြောက်ရွံ့နေသလို အလွန်လည်း စိုးရိမ်ပူပန်နေကြကြောင်းနှင့် အသင်းရဲ့ ရလဒ်ဆိုးရွားမှုအတွက် သူ့အတွက်သာ တာဝန်ရှိကြောင်း ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ ပြိုင်ပွဲအရပ်ရပ်တွင် ၄ ပွဲဆက် ရှုံးနိမ့်ထားပြီး ယနေ့ညတွင် အန်ဖီးလ်သို့ သွားရောက်ကာ ခါးသီးတဲ့ ပြိုင်ဘက် လီဗာပူးကို ရင်ဆိုင်ကစားရပါမယ်။
ယူနိုက်တက်ဟာ နိုဝင်ဘာလတွင် ရူဘင်အေမိုရမ် ကိုင်တွယ်ပြီးနောက် ပရီးမီးယားလိဂ်မှာ ၂ ပွဲတည်းသာ နိုင်ပွဲ ရရှိထားပြီး တန်းဆင်းဇုန်နှင့် ၇ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
အေမိုရမ်က “အခု အခြေအနေ ဘယ်လောက် ခက်ခဲနေလဲ ကျွန်တော့် မျက်နှာမှာ မြင်နိုင်တယ်။ ကျွန်တော် ရောက်တုန်းကနဲ့ အခုပုံစံကို နှိုင်းယှဉ်နိုင်တယ်။ ဖိအားတွေ အများကြီးရှိတာ မှန်တယ်။
ဒါပေမယ့် ကျွန်တော့် အတွက်ကတော့ ဒါက ဂုဏ်ယူစရာပါ။ စွမ်းဆောင်မှုတစ်ခုလည်း ဖြစ်တယ်။ ကောင်းကောင်း မကစားနိုင်တဲ့အခါ ခက်ခဲတယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ အေမိုရမ်လက်ထက် ပရီးမီးယားလိဂ် ၈ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ထားပြီး အိမ်ကွင်း ၃ ပွဲဆက်လည်း ရှုံးနိမ့်ထားပါတယ်။
ယူနိုက်တက်ဟာ ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်းမှာ ပရီးမီးယားလိဂ်ပွဲ ၄ ပွဲဆက် မရှုံးနိမ့်ဖူးပါဘူး။ ၎င်းတို့ နောက်ဆုံးအကြိမ် ဂိုးမသွင်းနိုင်ဘဲ နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တာ ၁၉၀၉ ခုနှစ် ဧပြီလတုန်းက ဖြစ်ပါတယ်။
ကစားသမားတွေနှင့်ပတ်သက်ပြီး အေမိုရမ်က “သူတို့ ကြောက်လန့်နေကြတယ်။ တခါတလေ ကွင်းထဲမှာ စိုးရိမ်ပူပနေကြတယ်။ ဒါကို ဖြေရှင်းရမယ်။ ကစားသမားတွေလည်း ကြိုးစားကြတာ ခင်ဗျားလည်း မြင်မှာပါ။ တခါတလေ သူတို့ ကြောက်လန့်နေကြတယ်။ ဘောလုံးကစားဖို့ စိုးရိမ်နေကြတယ်။
ဘာကြောင့်လဲဆိုတော့ ခက်ခဲတဲ့ ကာလရောက်နေလို့ပါ။ ကစားသမားတွေ ပိုကောင်းလာအောင် ကျွန်တော်တို့ ကူညီသွားမယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ လီဗာပူးနှင့် ရမှတ် ၂၄ မှတ်အထိ ကွာဟနေပါတယ်။ ယူနိုက်တက်တို့ အန်ဖီးလ်မှာ နောက်ဆုံးအကြိမ် နိုင်ပွဲရခဲ့တာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတုန်းက ဖြစ်ပြီး ဝိန်းရွန်းနီက တစ်ဂိုးတည်းသော အနိုင်ဂိုးအား သွင်းယူပေးခဲ့ပါတယ်။
ယူနိုက်တက်ဟာ အန်ဖီးလ် နောက်ဆုံး ၅ ပွဲဆက် ဂိုးသွင်းထားနိုင်ခြင်း မရှိပေမဲ့ နောက်ဆုံးအကြိမ် ဂိုးသွင်းနိုင်ခဲ့တာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဖြစ်ပါတယ်။
အသင်းရဲ့ခြေစွမ်းနှင့်ပတ်သက်ပြီး စိုးရိမ်စရာများ ရှိနေပေမဲ့လည်း အေမိုရမ်က ကလပ်နှင့်ပရိသတ်များအတွက် ပိုကောင်းတဲ့အချိန်များ ရောက်ရှိလာတော့မှာ ဖြစ်ကြောင်း ပြောကြားသွားပါသေးတယ်။
ဆက်လက်ပြီး အေမိုရမ်က “အကောင်းဆုံးလုပ်သွားမယ်။ ဒီကလပ်ကို ကူညီဖို့ အစွမ်းကုန်ပေးဆပ်သွားမယ်။ ကျွန်တော်တို့ အောင်မြင်လာမှာပါ။ အခုကာလမှာ နားလည်ဖို့ ခက်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အောင်မြင်လာမှာပါ”လို့ ပြောကြားသွားပါတယ်။