မန်ယူ နည်းပြသစ် ရန်းနစ် စကားသံများ၊ အွန်နရီ တိုက်တွန်းမှု၊ မိုက်ကယ်ကာရစ်နဲ့ ယနေ့ည မန်ယူသတင်းများ
မန်ယူနည်းပြသစ် ရန်းနစ်က ဒီနှစ်စပိုင်းမှာ ချဲလ်ဆီးက သူ့ကို ကမ်းလှမ်းခဲ့သေးကြောင်း ဖော်ထုတ်ခဲ့ပြီး ထိုစဉ်က ရာသီကုန်ထိသာ ကိုင်တွယ်ဖို့ ကမ်းလှမ်းတာကြောင့် ငြင်းပယ်ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ရန်းနစ်ဟာ မန်ချက်စတာ ယူနိုက်တက်ကို ရာသီကုန်သည်ထိ ယာယီနည်းပြ အဖြစ် ကိုင်တွယ်ပြီးရင် နောက် ၂နှစ်ကို အကြံပေး ရာထူး အဖြစ် ဆက်လက် တာဝန်ယူရဦးမှာ ဖြစ်ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း အွန်နရီက မန်ယူ ယာယီနည်းပြသစ် ဖြစ်လာခဲ့တဲ့ ရန်နစ်အနေနဲ့ ကစားကွက်ပိုင်းနဲ့ ပတ်သက်ပြီး စီရော်နယ်ဒိုနဲ့ တွေ့ဆုံဆွေးနွေးသင့်ကြောင်း၊ စီရော်နယ်ဒိုဟာ ရန်နစ်ရဲ့ကစားကွက်ဖြစ်တဲ့ Pressing Game ကို ကစားသူမဟုတ်ကြောင်း၊ အတ္တတွေကို ကောင်းမွန်တဲ့နေရာမှာသာ အသုံးချသင့်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူဂန္ထဝင်ဟောင်း တက်ဒီရှရင်ဂမ်က မန်ယူလူငယ်တိုက်စစ်မူှး ဂရင်းဝုဒ်ဟာ နေရာယူပုံ ကောင်းမွန်သူဖြစ်ကြောင်း၊ မိမိအနေနဲ့ ဂရင်းဝုဒ်ရဲ့ အဆုံးသတ်ပုံကို ကြိုက်နှစ်သက်ကြောင်း၊ ဂရင်းဝုဒ်ဟာ ဂိုး ဘယ်လိုသွင်းရမလဲဆိုတာ သေချာပေါက် သိရှိသူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။
မန်ယူကစားသမားဟောင်း ပေါလ်စခိုးလ်က အာဆင်နယ်နဲ့ပွဲစဉ်မှာ ပေးလိုက်ရတဲ့ စမစ်ရို့စ်ရဲ့ အဖွင့်ဂိုးအတွက် ဂိုးသမား ဒီဂီယာကို ဝေဖန်ခဲ့ပြီး ဒီဂီယာအနေနဲ့ ကိုယ့်ရဲ့ဂိုးပေါက်ကိုအမြဲတမ်းကာကွယ်နေရမှာဖြစ်ကြောင်း၊ ဒီဂီယာဟာ ဘောလုံးကို သေချာတောင် မကြည့်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။
ဘာစီလိုနာ ပစ်မှတ်ထားနေတဲ့ မန်ယူတိုက်စစ်မူှးတွေဖြစ်ကြတဲ့ ကာဗာနီနဲ့ မာရှယ်လ်တို့ကို ခေါ်ယူတဲ့နေရာမှာ ကွင်းလယ်လူ ကော်တင်ဟိုကို ပြန်ပြီး အလိုက်ပေးသွားဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ မန်ယူကတော့ ကော်တင်ဟိုကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ကက်တလန်ဘတ်က မန်ယူနဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်မှာ စမစ်ရို့စ်ရဲ့ အဖွင့်ဂိုးဟာ ခွင့်ပြုသင့်ကြောင်း၊ ဖရက်ဒ်ဟာ ဒီဂီယာကို ထိမိခဲ့တာဖြစ်လို့ ဒါက ပြစ်ဒဏ်ဘောမဟုတ်ကြောင်း၊ နောက်ပြီး ကွင်းလယ်ဒိုင်ကလည်း ဘောလုံးက ဂိုးစည်းကို မဖြတ်ခင်အထိ ခရာ မမှုတ်ခဲ့ကြောင်း၊ ဒါကြောင့် ဂိုးပေးသင့်ကြောင်း မှတ်ချက် ပြုခဲ့ပါတယ်။
အာဆင်နယ်နဲ့ပွဲအပြီးမှာ မန်ယူကနေ ထွက်ခွာခဲ့ခြင်းနဲ့ ပတ်သက်ပြီး မိုက်ကယ်ကာရစ်က “အသင်းမှာ ရှိခဲ့တဲ့ အချိန်တွေက အမြဲတမ်း ခမ်းနားခဲ့ပါတယ်။ ဒီအချိန်က အသင်းကနေ ထွက်ခွာဖို့အတွက် အချိန်ကောင်းလို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။
စီ ရော်နယ်ဒိုဟာ အာဆင်နယ်နဲ့ ပွဲမှာ အထင်ကြီးဖွယ် စွမ်းဆောင်ပြခဲ့ပြီး သူ့အသင်းဖော်တွေကိုတောင် အတွင်းအားတွေ ထည့်ပေးချင်တဲ့ဟန် ရှိနေကြောင်း ရန်းနစ်က ချီးကျူးခဲ့ပါတယ်။

မန်ယူနောက်ခံလူဟောင်း အီဗရာက သူ့အနေနဲ့တိုက်စစ်မူှး ရက်ဖို့ဒ်ရဲ့ ခြေစွမ်းကို မကျေမနပ်ဖြစ်မိကြောင်း၊ ရက်ဖို့ဒ် အနေနဲ့ ဘောလုံးကို နောက်ပြန်ပေးမဲ့အစား ရှေ့ကိုသာ ရောက်အောင် ပိုမို စွမ်းဆောင်နိုင်ဖို့ လိုအပ်ကြောင်း ဝေဖန်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ တဲလက်စ်ကို စီးရီးအေ ထိပ်သီး နှစ်သင်းဖြစ်တဲ့ အေစီမီလန်နဲ့ အင်တာမီလန် တို့က အပြိုင်ကြိုးပမ်းလျက်ရှိနေကြပါတယ်။ ဒါပေမဲ့ မန်ယူအနေနဲ့ တဲလက်စ်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ မရောင်းလိုပါဘူး။