ဘယ်ချိန်နေနေ လီဗာပူးလ်ကိုတော့ ဒုက္-ခပေးနိုင်ဆဲ ယူနိုက်တက်နဲ့ အန်းဖီးကွင်းက ၂-၂ သရေပွဲ အကြောင်း

မန်ချက်စတာ ယူနိုက်တက်တို့ ဘယ်လောက်ပဲ ကျဆင်းနေပါစေ လီဗာပူးလ်အသင်းဟာ ယူနိုက်တက်နဲ့ဆုံရင် အံ့အားသင့်စရာကောင်းအောင် ဖရိုဖရဲဖြစ်လေ့ရှိပြီး မနှစ်ကလည်း ပရီးမီးယားလိဂ်၊ FA ဖလားပြိုင်ပွဲတွေမှာ ဗိုလ်စွဲဖို့ အခြေအနေကောင်းခဲ့ပေမဲ့ ယူနိုက်တက်နဲ့အတွေ့မှာ လီဗာပူးလ် ရပ်တန့်ခံခဲ့ရပါတယ်။

ဒါပေမဲ့ အခုပွဲမှာတော့ ယူနိုက်တက်အသင်းရဲ့ခြေစွမ်းနဲ့ ကြိုးစားအားထုတ်မှု၊ စိတ်ဓာတ်ပြင်းထန်မှုက အပြုသဘောဆောင်ခဲ့ပါတယ်။

ပွဲပယ်ခံခဲ့ရတဲ့ ဘရူနိုဖာနန်ဒက်စ်၊ အူဂါတီတို့ ပြန်ပါလာတဲ့ ယူနိုက်တက်အသင်းကွင်းလယ်က တည်ငြိမ်မှုရှိခဲ့ပြီး ပြိုင်ဘက်က သမိုင်းကြောင်းအစဉ်အလာအရ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လီဗာပူးလ်ဖြစ်တာကြောင့်လည်း ယူနိုက်တက်ကစားသမားတစ်ယောက်ချင်းစီက အစွမ်းကုန် ရုန်းကန်ခဲ့ကြပါတယ်။

ပထမပိုင်းမှာ ဂတ်ပို၊ မက်အယ်လ်စ္စတာတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာ၊ ဟွိုင်လန်းရဲ့အနီးကပ်ပိတ်သွင်းချက်ကို အယ်လစ်ဆင် ကာကွယ်နိုင်ခဲ့တာတွေကြောင့် ဂိုးမရခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ပွဲက ပိုအကြိတ်အနယ်ရှိလာပြီး ၅၂ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ် ပေးတာကနေ လီဆန်ဒရိုမာတီနက်ဇ်က ပြင်းထန်အားပါတဲကန်ချက်နဲ့ အဖွင့်ဂိုးသွင်းခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အန်ဖီးလ်ကွင်း၊ ပရီးမီးယားလိဂ်ပွဲတွေမှာ ၅၅၈ မိနစ်(၉ နာရီ၊ ၁၈ မိနစ်)ကြာ ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့သလို ၂၀၁၈ ဒီဇင်ဘာလ ၁၆ ရက်တုန်းက လင်ဂတ် ဂိုးသွင်းပြီးနောက်ပိုင်း အခု လီဆန်ဒရိုမာတီနက်ဇ်က အန်ဖီးလ်မှာ ယူနိုက်တက်အတွက် ဂိုးပြန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ ၇ မိနစ်အကြာမှာပဲ ဂတ်ပိုက ဒီလိဂ်ကို တစ်ချက်ခေါက်ပြီးတော့ အပိုင်ကန်သွင်းခဲ့တာကြောင့် လီဗာပူးလ် ချေပဂိုးပြန်ရခဲ့ပါတယ်။

ရီးယဲလ်နဲ့သတင်းထွက်နေတဲ့ အာနိုးလ်ကတော့ အခုပွဲမှာ အညံ့ဆုံးကစားသမားအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး ယူနိုက်တက်တိုက်စစ်ကို မထိန်းချုပ်နိုင်သလို ယူနိုက်တက်ကလည်း အာနိုးလ်ရဲ့ ညာခြမ်းကနေပဲ အဓိကထိုးဖောက်ကစားခဲ့ပါတယ်။

မိနစ် ၇၀ မှာ ဒီလိဂ်ရဲ့လက်ထိဘောကနေ လီဗာပူးလ် ပယ်နယ်တီရခဲ့ပြီး ယူနိုက်တက်နဲ့ဆုံရင် ဂိုးမသွင်းရမနေနိုင်တဲ့ ဆာလာက အမှားအယွင်းမရှိကန်သွင်းခဲ့ပါတယ်။

အဲဒီနောက်ပိုင်း လီဗာပူးလ်ခံစစ်ကစားပုံက လျော့တိလျော့ရဲနိုင်တဲ့အပြင် ယူနိုက်တက်ကို သရေတစ်မှတ်ရအောင် တမင်များ လျှော့ကစားတာလားလို့တောင် ထင်ရလောက်အောင် အမှားများခဲ့ပါတယ်။

ဂါနာချိုဝင်လာပြီးနောက်ပိုင်း ယူနိုက်တက်ဘယ်ခြမ်းတိုက်စစ်က ပိုကောင်းလာပြီး အရေးပါတဲ့ချေပဂိုးကို မိနစ် ၈၀ မှာ ဂါနာချို ချိုးပေးတာကနေ ဒီယာလိုက အနီးကပ်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါတောင် ပွဲပြီးခါနီးမှာ ဇာ့ခ်ဇီ ခင်းပေးတာကို မက်ဂွိုင်းယား လွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းခဲ့ပေမဲ့ ဂိုးပေါ်ထောင်တက်သွားလို့သာ လီဗာပူးလ် ကံကောင်းခဲ့တာဖြစ်ပြီး မဟုတ်ရင် အန်ဖီးလ်မှာ ရှုံးပွဲပြန်တွေ့မဲ့အနေအထားပါပဲ။