တစ်နှစ်ရှိလာပေမယ့် မန်ယူ ပိုကောင်းအောင် ဘာတစ်ခုမှ မလုပ်နိုင်သေးတဲ့ ရက်ကလစ်ဖ်ကို ပေါစခိုးလ် ပြောပြီ

မန်ချက်စတာ ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျင် ရက်ကလစ်ဖ် ဟာ ကတိတွေ အမျိုးမျိုးပေးကာ ယူနိုက်တက် ပူးတွဲ ပိုင်ရှင် ဖြစ်လာတာ တစ်နှစ်လောက် ရှိလာပေမယ့် အသင်းအတွက် ဘာမှ ကောင်းတာ လုပ်မပေးနိုင်သေးဘူးလို့ သရဲနီဟောင်းကြီး ပေါစခိုးလ် ကတော့ ဝေဖန် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ အသင်း စွမ်းဆောင်ရည်ပိုင်း ရလဒ်ပိုင်း အဘက်ဘက်က ကျဆင်းနေကာ ကုန်ကျစရိတ် သက်သာအောင် ဖြတ်တောက်မှုတွေ များစွာလည်း လုပ်နေသေးပေမယ့် နိုဝင်ဘာလတုန်းက ကွင်းဝင် လက်မှတ်ဈေးတွေကို တိုးမြှင့်လိုက်သေးတာကြောင့် စခိုးလ်ကတော့ စိတ်ပျက်နေပါတယ်။

ပရိသတ်တွေနဲ့ အတူ လက်တွဲပြီး ကလပ်အသင်းကို ယခင်ကလို အင်္ဂလိပ်၊ ဥရောပနဲ့ ကမ္ဘာ့ဘောလုံးလောကမှာ ထိပ်တန်း အဆင့် ပြန်ရောက်အောင် လုပ်ဆောင်မယ် ဆိုတဲ့ ကတိစကားကို ရက်ကလစ်ဖ်တို့ အဖွဲ့က အကောင် အထည် မဖော်နိုင်သေးပါဘူး။

” ဒီ Ineos အဖွဲ့က မန်ချက်စတာ ယူနိုက်တက်ကို လက်လွှဲတာဝန် ယူလာတာ တစ်နှစ်နီးပါး ရှိပါပြီ။ အခုထိကတော့ အဖက်ဖက်က အနှုတ်ပြပါတယ်။ သူတို့ ကလပ်အသင်းအတွက် လုပ်ခဲ့တာတွေထဲက အကောင်းမြင်စရာ အပေါင်းလက္ခဏာ ဆောင်တာ ဆိုလို့ တစ်ခုလေးတွေ ကျွန်တော် စဉ်းစားလို့ မရဘူး။

ကွင်းထဲမှာ ဆိုရင်လည်း အသင်းက အခြေအနေ ပိုဆိုးလာတယ်။ အပေါင်း လက္ခဏာ ဆောင်တဲ့ ကိစ္စ တစ်ခုခု ရှိရင် ပြောကြည့်ကြစမ်းပါ။ ဒါကိုတောင် သူတို့က မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကို (လက်မှတ်ခ) ငွေ ပိုပေးဖို့ တောင်းရဲသေးတယ်။ လက်မှတ် တစ်စောင် ၆၆ ပေါင် ဆိုတာ အဓိပ္ပါယ်ကို မရှိဘူး။

ကျွန်တော်တို့က ပရီးမီးယားလိဂ်မှာ အဆိုးဝါးဆုံး ဘောလုံးရာသီကို ရင်ဆိုင်နေရတာပါ။ ဒီကလပ် အသင်းမှာ အကောင်းမြင်စရာ တစ်ခုမှကို မရှိဘူး။ အသင်းကလည်း အလယ်အလတ်တန်းလောက် ဖြစ်နေပြီ။ ဖန်တွေ အတွက်လည်း သူတို့ ဘာမှ မလုပ်ပေးနိုင်ဘူး။

မန်ချက်စတာမှာ ကြီးပြင်း ယူနိုက်တက်ဖန် တစ်ယောက် ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ် ရောက်လာတော့ အားလုံးက မျှော်လင့်ထားကြတယ်။ အခု သူကတော့ ဈေးတွေပဲ တက်နေတယ်။ ဒါကိုက သူ ဘာမှဂရုမစိုက်ဘူး ဆိုတာ ပြနေတာပဲ။ ” လို့ ပေါစခိုးလ်က ပေါ်တင်ပဲ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။