ဒီရာသီ အညံ့ဆုံးသော မန်ချက်စတာ ယူနိုက်တက် အသင်းသားကို ဟက်စကီး ဖော်ထုတ်
အင်္ဂလန်တိုက်စစ်မှူးဟောင်းကြီး ဟက်စကီးက ဒီရာသီ အညံ့ဖျင်းဆုံး မန်ချက်စတာ ယူနိုက်တက် ကစားသမားက ဘယ်သူလဲဆိုတာ ထုတ်ဖော် ပြောပြခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီမှာ စိတ်ပျက်စရာ ရာသီကို ဖြတ်သန်းနေရတာဖြစ်ပြီး ပွဲ ၂၀ ကစားပြီးချိန်မှာ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။
ဒီရာသီမှာ မန်ယူနိုက်တက်ကစားသမားအနည်းငယ်ကသာ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပြီး ဟက်စကီးကတော့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကြောင့် စိတ်အပျက်ဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။
ဟက်စကီးက ပြီးခဲ့တဲ့ လီဗာပူးနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဖာနန်ဒက်စ်က ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ဝန်ခံခဲ့ပေမယ့် ဘက်ပေါင်းစုံမှာ အခုထက် အများကြီး ပိုလုပ်ရမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ခြေမပေါ်ဆုံး ကစားသမားအဖြစ် ဘယ်သူ့ကို မြင်မိလဲလို့ မေးမြန်းခဲ့ရာမှာ ဟက်စကီးက
“ဘရူနို ဖာနန်ဒက်စ်ပါ။ ပြီးခဲ့တဲ့ရာသီတွေမှာ သူက သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေနဲ့ အသင်းကို ကူညီပေးခဲ့ပါတယ်။ အသင်းခေါင်းဆောင် လက်ပတ် ဝတ်ထားရင်တော့ ဒီထက်ပိုပြီး မျှော်လင့်ခံရမှာပဲ။
သူ့ဘာသာပဲ လုပ်နေလို့ မရဘူး။ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အသင်းခေါင်းဆောင်တယောက်အနေနဲ့ သူပိုပြီး အသင်းကို မောင်းနှင်ပေးတာ မြင်ချင်တယ်။ ခေါင်းဆောင်မှု နည်းနည်းပိုပေးရမယ်။ သူ အဲဒါတွေ မပေးနိုင်ခဲ့ဘူး။
အသင်းခေါင်းဆောင် တယောက်အတွက်ဆိုရင် လီဗာပူးနဲ့ပွဲက စွမ်းဆောင်ရည်က ကောင်းသင့်သလောက်တောင် မကောင်းပါဘူး။ ဘယ်လိုကစားသမားမျိုးအတွက်မဆို အနည်းဆုံးတော့ ဟိုဒီ ပြေးလွှား၊ ဖျက်ထုတ်တာတွေ၊ အကြမ်းပတမ်းကစားတာတွေလုပ်ဖို့ လိုတယ်။
သူက အသင်းခေါင်းဆောင်ဆိုတော့ ပိုလုပ်ရမယ်။ ရှေ့ကနေ ဦးဆောင်ပြီး အားလုံးအတွက် စံနမူနာလုပ်ပြရမယ်”လို့ ပြောဆိုခဲ့ပါတယ်။