မန်ယူ တိုက်စစ်မှုး မားကပ် ရက်ရှ်ဖို့ဒ်ကို ခေါ်ချင်နေတဲ့ လန်ဒန်မြို့ခံ ပရီးမီးယားလိဂ် ကလပ်များ
မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ဖို့ တာစူနေတဲ့ တိုက်စစ်မှုး မားကပ် ရက်ရှ်ဖို့ဒ် ကို လန်ဒန် အခြေစိုက် ကလပ်တွေကလည်း ခေါ်ယူလိုတယ် သတင်းထွက်လာနေပါတယ်။
တော့တင်ဟမ် ဟော့စပါးအသင်းဟာ မန်ယူ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူလိုနေကြောင်း သတင်းရရှိပါတယ်။
အေစီမီလန် အသင်းက ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးစားနေသလို ဆော်ဒီကလပ် အသင်းအချို့ကလည်း အဆိုပါ အင်္ဂလန်သားကို ခေါ်ယူချင်နေကြပြီး ယခုတစ်ခေါက်မှာတော့ စပါးအသင်းကပါ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
ရက်ရှ်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ အထိ မန်ယူအသင်းက သက်မှတ်ထားပြီး ကစားသမားရဲ့ မြင့်မားတဲ့ လစာကိုပါ ပြောင်းရွှေ့မယ့်အသင်းက စိုက်ထုတ်ပေးချေရဖို့ ရှိနေတာကြောင့် အသင်းအတော်များများက ခေါ်ယူဖို့ လက်တွန့်နေကြပါတယ်။
ဒါ့ကြောင့် အငှားခေါ်ယူမယ့် အသင်းတွေကသာ ပိုမို ဈေးကွက်ထဲ လှုပ်ရှားနေကြပြီး စပါးအသင်းက တိုက်စစ်မှူးတွေ ဖြစ်တဲ့ ရစ်ချာလီဆင် နဲ့ အိုဒိုဘတ်တို့ကို တံကောက်ကြော ဒဏ်ရာကြောင့် ဆုံးရှံးထားသလို ဘင်တက်ချာကိုပါ ထပ်မံဆုံးရှုံးလိုက်ရတာကြောင့် ရက်ရှ်ဖို့ဒ်လို အသင့်သုံး တိုက်စစ် ကစားသမားမျိုးကို ခေါ်ယူဖို့ ပိုစတီကိုဂလူက စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။
စပါးအပြင် နည်းပြသစ် ဂရေဟမ် ပေါ်တာကို ခန့်အပ်ထားတဲ့ ဝက်စ်ဟမ်း အသင်းကလည်း ရက်ရှ်ဖို့ဒ် ကို ခေါ်ယူလိုနေကြောင်း သတင်း ထွက်နေပါတယ်။