မိုင်နူး ကို သဘောကျပြီး ဆက်ထိန်းချင်ပေမယ့် မလွယ်ကြောင်း နည်းပြ အမော်ရင် ထုတ်ဖော် ပြောဆို
မန်ချက်စတာယူနိုက်တက် နည်းပြ အမော်ရင်ဟာ လူငယ်ကြယ်ပွင့်ကွင်းလယ်လူ ကိုဘီ မိုင်နူး တစ်ယောက် အခုဇန်နဝါရီလအတွင်း အသင်းမှာ ဆက်ရှိနေဖို့ အာမခံချက် မပေးခဲ့ပါဘူး။
ဈေးကွက်ပေါက်ကြေး ပေါင်သန်း ၆၀ တန်ဖိုးရှိတဲ့ ကိုဘီ မိုင်နူးကို ယူနိုက်တက်ပြိုင်ဘက် ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ယူနိုက်တက်အသင်းကလည်း ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ဖို့အတွက် မိုင်နူးကို လက်လွှတ်သွားဖို့ရှိနေပါတယ်။
အသက် ၁၉ နှစ်သာရှိသေးသူ အင်္ဂလန်လက်ရွေးစင် မိုင်နူး ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၇ ခုနှစ်စာချုပ်သက်တမ်းကျန်ရှိနေပြီး လစာငွေအဖြစ် တစ်ပတ်ကို ပေါင် ၂၀,၀၀၀ ရရှိနေပါတယ်။
ဒါပေမဲ့လည်း ကိုဘီမိုင်နူးက သူ့လစာပမာဏကို တိုးမြှင့် ရရှိချင်နေတာကြောင့် ယူနိုက်တက်နဲ့စာချုပ်သစ် ထပ်ချုပ်ဖို့ ကြန့်ကြာနေတာဖြစ်ပါတယ်။
အမော်ရင်က “ကျွန်တော်တို့ရဲ့ စိတ်ကူးကတော့ အသင်းရဲ့အကောင်းဆုံးကစားသမားတွေကို ဆက်ထိန်းထားနိုင်ဖို့ပဲဖြစ်ပေမဲ့ အခုလောလောဆယ် ယူနိုက်တက်အသင်းဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ကစားသမားကောင်းတွေကို ထိန်းထားနိုင်ဖို့ ခက်ပါတယ်။”
“ကိုဘီ မိုင်နူးရဲ့ စွမ်းဆောင်ရည်အပေါ် ကျွန်တော် ကျေနပ်မှုရှိပြီး သူက အချိန်တိုင်းမှာ တိုးတက်မှုပြသနေတာဖြစ်ပါတယ်။ အသင်းမှာရှိနေတဲ့သူတိုင်းက ကျွန်တော့်စိတ်ကြိုက်ကစားသမားတွေဖြစ်ကြပြီး သူတို့ကို ဆက်ထိန်းသွားချင်သလို အထူးသဖြင့် အရည်အသွေးမြင့် လူငယ်လေးတွေကို အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်က ချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းအရ ကလပ်အသင်းတစ်သင်းအနေနဲ့ ၃ နှစ်အတွင်း ပေါင် ၁၀၅ သန်းသာ အရှုံးပေါ်ခွင့်ရှိပြီး အကယ်ဒမီထွက် ကစားသမားတွေကို ရောင်းချမယ်ဆိုရင် အဲဒီကနေရရှိတဲ့ ပြောင်းရွှေ့ကြေးကို အသင်းရဲ့ ရာနှုန်းပြည့်အမြတ်ငွေအဖြစ် သတ်မှတ်ပေးတာဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ကိုဘီမိုင်နူး၊ ဂါနာချို ဒါမှမဟုတ် အေစီမီလန်အသင်း ပစ်မှတ်ထားနေတဲ့ ရပ်ရှ်ဖို့ဒ်တို့ကိုသာ ရောင်းချမယ်ဆိုရင် အမော်ရင်အတွက် ကစားသမားသစ်ခေါ်ယူဖို့ ငွေကြေးအသုံးပြုခွင့်ရမှာဖြစ်ပါတယ်။