ပွဲနိုင်ခဲ့ပေမယ့် ခေါင်းပါရဲ့လားတောင် တွေးရခက်လောက်တဲ့ မန်ချက်စတာ ယူနိုက်တက် ဝါရင့် အသင်းသား နှစ်ဦး
မနေ့ညက ပွဲမှာ အာဆင်နယ်ကို နိုင်ခဲ့ပေမယ့် ဒီရာသီ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ အဝါ၊ အနီတွေကို ခပ်လွယ်လွယ်ယူနေကြတာက စိတ်ပျက်စရာပါပဲ။
ညကပွဲမှာ ဒါလော့ ဟာ ဦးနှောက်မှ ပါရဲ့လားလို့တောင် မေးခွန်းထုတ်ရမှာဖြစ်ပြီး တကယ့်ကို မိုက်ရူးရဲဆန်တဲ့ ပြစ်ဒဏ်ဘော ၂ ကြိမ်ပြုလုပ်ခဲ့ပါတယ်။
ပထမတစ်ကြိမ်တုန်းက ပြိုင်ဘက်နောက်ခံလူ စကယ်လီကို ဘောလုံးမထိဘဲ Foul လုပ်ခဲ့လို့ အဝါကတ်အပြခံရပြီး နောက်တစ်ကြိမ်မှာလည်း ဒါလော့က မီခေးလ်မော်ရီနိုကို အသားလွတ် ခြေစုံပစ်ဝင်ခဲ့တာကြောင့် ဒုတိယအဝါပြခံခဲ့ရတဲ့အတွက် အနီကတ်နဲ့အထုတ်ခံခဲ့ရပါတယ်။
ဝါရင့်နောက်ခံလူ မက်ဂွိုင်းယားကလည်း အသက်ကြီးလာလေလေ အတွေ့အကြုံပိုများရမဲ့အစား အရင်တုန်းကအတိုင်းပဲ မဖြစ်သင့်တဲ့အမှားကျူးလွန်ခဲ့တဲ့အတွက် ပယ်နယ်တီပေးခဲ့ရပြီး ဂိုးသမားဘေယင်ဒီယာ လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့သာ ယူနိုက်တက် ကံကောင်းခဲ့ရတာပါ။
အခုပွဲမှာ ဘေယင်ဒီယာကတော့ ယူနိုက်တက်အတွက် သူရဲကောင်းဖြစ်ခဲ့ပြီး ပွဲချိန်အတွင်းမှာ အိုဒီဂတ်၊ ပယ်နယ်တီအဆုံးအဖြတ်မှာ ဟာဗတ်ဇ်တို့ရဲ့ ပယ်နယ်တီတွေကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။
ဆာကာ မပါတဲ့ အာဆင်နယ်တိုက်စစ်က ထက်မြက်မှု မရှိတာကြောင့် ယူနိုက်တက်ခံစစ်ကို ကြီးကြီးမားမား ဒုက္ခမပေးနိုင်ဘဲ ယူနိုက်တက်ကလည်း ခံစစ်ကို အာရုံစိုက်ခဲ့တဲ့အတွက် ပထမပိုင်းမှာ ပွဲက ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲတုန်းကလိုပဲ စိတ်ဝင်စားစရာ မကောင်းခဲ့ပါဘူး။
ဒုတိယပိုင်း ၅၂ မိနစ်မှာ ဂါဘရီယဲလ်ရဲ့အမှားကနေ ဂါနာချို ဘောလုံးဆွဲပြေးပြီးတော့ ခင်းပေးလိုက်တာကို ဘရူနိုဖာနန်ဒက်စ်က အပိုင်ကန်သွင်းပြီး အဖွင့်ဂိုးသွင်းပြီးနောက်ပိုင်းမှ ပွဲက အကြိတ်အနယ်ပြန်ဖြစ်လာပါတယ်။
၆၁ မိနစ်မှာ ဒါလော့တ် အထုတ်ခံရပြီး မိနစ်ပိုင်းအကြာမှာပဲ ဂါရီယဲလ်က ချေပဂိုးပြန်သွင်းခဲ့သလို ၇၂ မိနစ်မှာ ဟာဗတ်ဇ်ကို မက်ဂွိုင်းယားက မလိုအပ်ဘဲ ပယ်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ပယ်နယ်တီပေးခဲ့ရပါတယ်။
ဒီပယ်နယ်တီကို အော်ဒီဂါ ကန်ပေမဲ့ ဘေယင်ဒီယာ ပုတ်ထုတ်နိုင်ခဲ့ပြီး အိုဒီဂတ် ဟာ စီနီယာကစားသမားဘဝတစ်လျှောက်မှာ ပထမဆုံးအကြိမ် ပယ်နယ်တီ လွဲချော်ခဲ့တာဖြစ်ပါတယ်။
လက်ကျန်မိနစ်တွေမှာလည်း ဒီကလန်ရိုက်စ်က အပိုင်ခေါင်းတိုက်ချက်အပါအဝင် အာဆင်နယ်အသင်းရဲ့ ဂိုးသွင်းခွင့်တွေကို ဘေယင်ဒီယာ အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်ကလည်း တန်ပြန်တိုက်စစ်ကနေ ဇာ့ခ်ဇီ ကန်သွင်းခဲ့တာကို ဒေးဗစ်ရိုင်ယာ ပုတ်ထုတ်ခဲ့လို့ ကံဆိုးခဲ့ရပါတယ်။
သာမန်ပွဲကစားချိန်အတွင်း ၁-၁ ဂိုးစီ သရေကျနေလို့ အချိန်ပိုဆက်ကစားပေမဲ့ ဂိုးထပ်မသွင်းနိုင်တဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့တာမှာတော့ အခုပွဲမှာ တစ်ပွဲလုံး လွဲချော်နေတဲ့ ဟာဗတ်ဇ်က ပယ်နယ်တီဝင်အောင် မသွင်းနိုင်ဘဲ ယူနိုက်တက်အသင်းက အကြိမ်တိုင်း ဂိုးဝင်ခဲ့တာကြောင့် ၅-၃ ဂိုးနဲ့အနိုင်ယူပြီး နောက်တစ်ဆင့် တက်ခဲ့ပါတယ်။