နည်းပြ အမ်မိုရင် ဖော်ထုတ်ချီးကျူးလာတဲ့ အာဆင်နယ်နဲ့ပွဲက ယူနိုက်တက် ဟီးရိုး ကစားသမား ၂ ဦး
ယူနိုက်တက် နည်းပြ အမ်မိုရင် က ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ ယူနိုက်တက် အတွက် ဟီးရိုး ဖြစ်ခဲ့တဲ့ ကစားသမား ၂ ဦး ကို ဖော်ထုတ်ချီးကျူးလာခဲ့ပါတယ်။
ထိုနှစ်ဦးကတော့ ယူနိုက်တက် အတွက် အရေးပါတဲ့ ပင်နယ်တီ ကာကွယ်မှုတွေ ပြုလုပ်ခဲ့တဲ့ ဂိုးသမား ဘိုင်ယင်ဒါနဲ့ တိုက်စစ်မှုး ဇက်ဇီးတို့ ဖြစ်ကြပါတယ်။
” ဒါက သူတို့ ၂ယောက်အတွက်သာမက၊ တသင်းလုံး အတွက် အမှန်တကယ် အရေးပါပါတယ်။ ဘောလုံးသမား တယောက် အနေနဲ့ ခင်ဗျားရဲ့ ဘဝဟာ တခါတလေ တပတ်အတွင်း ပြောင်းလဲသွားနိုင်ပါတယ်။
အယ်တိုင် ( ဘိုင်ယင်ဒါ ) ကိုပဲ ခင်ဗျားတို့ ကြည့်နိုင်ပါတယ်။ တော့တင်ဟမ်နဲ့ ပွဲမှာ လူတိုင်းက သူ့ကို လက်ညှိုးထိုး အပြစ်တင်ထဲ့ကြပါတယ်။ ဒါကို ကျွန်တော် နားလည်ပါတယ်။
ဒီနေ့မှာတော့ သူဟာ ကျွန်တော်တို့ရဲ့ ဟီးရိုး ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ပင်နယ်တီ ကာကွယ်မှုက အရေးပါခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော်တို့ကို ခွန်အား ပိုဖြစ်စေလို့ပါ။

တယောက်လျော့ အနေအထားမှာ ပြိုင်ဖက်ကို ဖိအားပေး ကစားနိုင်ဖို့ ခက်ပါတယ်။ အာဆင်နယ်လို အသင်းကို ၁၁ယောက်ချင်း ကစားတာတောင် ခက်ပါတယ်။ ၁၀ယောက်ဆိုတော့ စဉ်းစားသာကြည့်ပါတော့ဗျာ။
ဂျိုရွှာ ( ဇာက်ဇီး ) ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ပတ်လောက်ကပဲ ပရိသတ်တွေနဲ့ ပြဿနာတချို့ ရှိခဲ့ပါတယ်။ ဒီနေ့မှာ သူဟာ ကွင်းထဲ ရောက်လာကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။
နောက်ဆုံးမှာ သူဟာ အဆုံးအဖြတ် ပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဘဝက ဒီလိုပါပဲ။ ခင်ဗျား ရှေ့ဆက်နေရမှာပါ။ ကိုယ့်ကိုယ့်ကိုနှိမ့်ချပြီး၊ နေ့တိုင်း ကြိုးစားနေရမှာပါ။ ” လို့ နည်းပြ ရူဘင် အမ်မိုရင် က ပြောဆို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။