ဂါနာချို ကို ခေါ်ချင်ပေမယ့် မန်ယူ တောင်းတဲ့ ပြောင်းရွှေ့ကြေးကြောင့် လန်သွားဖွယ် ရှိတဲ့ နာပိုလီ
မန်ချက်စတာ ယူနိုက်တက် ဟာ ဒီတပတ်ထဲမှာ တိုက်စစ်သမား ဂါနာချို အပြောင်းအရွှေ့ အတွက် နာပိုလီ အသင်းနဲ့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
ဂါနာချို အတွက် ယူနိုက်တက်က ပေါင် သန်း ၇ဝ ထိ တောင်းဆိုနေတယ်လို့ အီတလီ သတင်းတွေက ဖော်ပြနေပါတယ်။
တဖက်မှာလည်း နည်းပြကွန်တီရဲ့ အသင်းဟာ သူတို့ တောင်ပံသမား Kvaratskhelia အတွက် ယူရို သန်း ၇ဝ (ပေါင် ၅၉.၁ သန်း) နဲ့ ရောင်းချဖို့ အတော် နီးစပ်နေပါပြီ။ ထို ဂျော်ဂျီယာသား က ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီ အသင်းထံ ပြောင်းဖို့ ဆေးစစ်တော့မှာ ဖြစ်ပါတယ်။
နာပိုလီက Kvaratskhelia နေရာ တိုက်ရိုက် အစားထိုးဖို့ အတွက် ဂါနာချို ကို ပစ်မှတ်ထားနေတာပါ။ ဒါကြောင့်လည်း ဆွေးနွေးမှုတွေ အင်္ဂါနေ့က စတင်နေပြီ လို့ သိရပါတယ်။
ဒါပေမယ့် နာပိုလီကတော့ ယူနိုက်တက်ရဲ့ ဂါနာချိုအတွက် ပေါင် သန်း ၇ဝ တောင်းဆိုဈေးကို မြင့်လွန်းတယ်လို့ ယူဆနေပါတယ်။ ဒါကြောင့် နောက်ထပ် အစားထိုး ပစ်မှတ် အနေနဲ့ တီမိုဗာနာ ကိုလည်း ထည့်သွင်း စဉ်းစားနေပါတယ်။
ဂါနာချို ရဲ့ လက်ရှိ စာချုပ်က ယူနိုက်တက်နဲ့ ၃ နှစ်ကျော် ကျန်သေးပြီး ပြီးခဲ့တဲ့ အပတ်က ပြောစကား အရတော့ အမ်မိုရင်းက ဂါနာချိုနဲ့မိုင်နူးကို အသင်းမှာ ဆက်ထိန်းထားချင်နေပါတယ်။