မူလတန်း ခံစစ်နဲ့ ရှုံးမလို ဖြစ်ခဲ့တဲ့ ယူနိုက်တက်၊ အိုနာနာနဲ့ ဒီယာလို တို့ရဲ့ ကယ်တင်မှုကြောင့် သက်သာရာ ရခဲ့ခြင်း
ပြီးခဲ့တဲ့ လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ပွဲတွေတုန်းက ကျောက်ဆောင်တံတိုင်းကြီးတွေလို စွမ်းဆောင်ပြခဲ့တဲ့ ယူနိုက်တက်ခံစစ်က အခု အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်တန်နဲ့အတွေ့မှာတော့ မူလတန်းကျောင်းသားလေးတွေလို အမှားမှားအယွင်းယွင်းနဲ့ ဖြစ်ချင်တိုင်းဖြစ်ခဲ့ပါတယ်။
တကယ်လို့ ဂိုးသမား အိုနာနာရဲ့ Miracle Saves ၂ ကြိမ်သာမရှိရင် သမိုင်းဝင် အိမ်ကွင်း ၄ ပွဲဆက်ရှုံးပွဲနဲ့ရင်ဆိုင်ရနိုင်တဲ့အနေအထားပါပဲ။
ဆောက်သမ်တန်တိုက်စစ်က ဒစ်ဘ်လင်း၊ ဆူလေမန်နာ၊ မာသီးယက်စ်ဖာနန်ဒက်စ်တို့ရဲ့ တွဲလုံးတွေနဲ့ တစ်ဦးချင်းထိုးဖောက်မှုတွေကို ယူနိုက်တက်ခံစစ် ဘယ်လိုမှ မထိန်းချုပ်နိုင်သလို ယော်ရို၊ ဒီလိဂ်နဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ အတွဲအဖက်မမိဘဲ ကြုံသလိုကစားခဲ့တာကြောင့်လည်း ယူနိုက်တက်ခံစစ်စွမ်းဆောင်ရည်က ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပါတယ်။
ယူနိုက်တက်မှာ ထိပ်တန်းအဆင့် Left Wing Back တစ်ယောက် အသည်းအသန်လိုအပ်နေပြီး အဲဒီနေရာမှာ ဒါလော့တ်ရော၊ မက်ဇ်ယောင်အီပါ ဘယ်သူမှ မဆင်မပြေပါဘူး။
ယူနိုက်တက်အသင်းမှာ Fear Factor ပျောက်ဆုံးနေတာကြောင့် အိုးလ်ထရက်ဖို့ဒ်ကွင်းဖြစ်ပေမဲ့လည်း ဆောက်သမ်တန်အသင်းက အကြောက်အလန့်မရှိ တိုက်စစ်ဖွင့်ကစားခဲ့ပြီး အပိုင်ဂိုးသွင်းခွင့် ၃ ကြိမ်ထက်မနည်းရခဲ့ပေမဲ့ အိုနာနာ ကောင်းလို့သာ ဂိုးမပေးခဲ့ရတာပါ။
ပထမပိုင်း ၃၅ မိနစ်အတွင်း ဆောက်သမ်တန်အသင်း ဂိုးပေါက်ကန်ချက် ၇ ကြိမ်အထိပြုလုပ်ခဲ့ပြီး ယူနိုက်တက်အသင်းရဲ့ ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိချက်အရေအတွက်ကလည်း ပိုများခဲ့ပါတယ်။
၄၃ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဒစ်ဘ်လင်းရဲ့ခေါင်းတိုက်ချက်က အူဂါတေနဲ့ထိပြီးတော့ လမ်းကြောင်းပြောင်း ဂိုးဝင်သွားလို့ ဆောက်သမ်တန် အဖွင့်ဂိုးရခဲ့ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်တို့ ထောင့်ကန်ဘောကနေ ဂိုးပေးခဲ့ရတာက ၁၀ ဂိုးအထိရှိလာပြီး ဝုလ်ဗ်နဲ့အတူ အများဆုံးဖြစ်နေသလို ပြီးခဲ့တဲ့ရာသီက ၁၁ ဂိုးစံချိန်ကို မီဖို့ ၁ ဂိုးသာ လိုပါတော့တယ်။
ဂါနာချိုကလည်း ဂိုးဝင်ရမဲ့အခွင့်အရေးတချို့ကို ဖြုန်းတီးခဲ့တာကြောင့် ယူနိုက်တက် ဂိုးမရခဲ့ပါဘူး။
ဒုတိယပိုင်းမှာ အန်တိုနီ၊ ဇာ့ခ်ဇီတို့ ဝင်လာပြီးတဲ့နောက် ယူနိုက်တက်တောင်ပံတိုက်စစ်တွေက ပိုအားကောင်းလာပေမဲ့ ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။
၈၂ မိနစ်မှာ ဒီယာလိုက ရုန်းအားကောင်းကောင်းနဲ့ ချေပဂိုးသွင်းခဲ့သလို မိနစ် ၉၀ မှာ အဲရစ်ဆင် ပါးပါးနပ်နပ်ခင်းပေးတာကနေ ဒီယာလိုကပဲ ဒုတိယဂိုးထပ်သွင်းခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ ဆောက်သမ်တန်နောက်ခံလူ ဟားဝုဒ်ဘယ်လစ်ရဲ့အမှားကနေ ဒီယာလိုက ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံး ဟက်ထရစ်အဖြစ် သွင်းယူခဲ့တာကြောင့် ယူနိုက်တက်တို့ အိမ်ကွင်း ၃ ပွဲဆက်အရှုံး၊ ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲပျောက်မှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။