ဘဝမှာ အကောင်းဆုံး သီတင်းပတ်တွေထဲ ပါသွားပြီ ဆိုတဲ့ ဟက်ထရစ် ဟီးရိုး အာမက် ဒီယာလိုရဲ့ ပွဲပြီးစကား

ဇယားအောက်ဆုံးက စိန့်တွေကို အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်တို့ ရှုံးတော့မလိုဖြစ်ပြီးခါမှ အေမက်ဒီရယ်လိုဟာ ပွဲပြီးဖို့ ၈ မိနစ်အလိုမှာ ချေပဂိုး သွင်းယူပြီး အချိန်ပိုမှာ အနိုင်ဂိုး ၂ ဂိုးသွင်းကာ ယူနိုက်တက်အတွက် အောင်ပွဲ သယ်ဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဒီရယ်လိုဟာ ပရိသတ်များကို နှုတ်ဆက်ပြီးတဲ့နောက် အင်တာဗျူးဖြေဖို့ တန်းသွားခဲ့ပါတယ်။

အသက် ၂၂ နှစ်ရှိ ဒီရယ်လိုက “ဘောလုံးမှာ ယုံကြည်မှုရဖို့က အဓိကပါ”လို့ စတင် ပြောဆိုလာပါတယ်။

သူက ဒီဆောက်သမ်တန်နှင့်ပွဲကို ရည်ရွယ်ပြီး ပြောလာတာပါ။ ဒါမှမဟုတ် သူ့ရဲ့ အကွေ့အကောက် အချိုးအကွေ့တွေနဲ့ ကြုံခဲ့ရတဲ့ ယူနိုက်တက်ကစားသမားဘဝကို ဆိုလိုတာလည်း ဖြစ်နိုင်ပါတယ်။

ဒီရယ်လိုက “ကျွန်တော့်ဘဝရဲ့ အကောင်းဆုံး ရက်သတ္တပတ်တွေထဲက တစ်ခု ဖြစ်နိုင်တယ်။ နောက်ဆုံးအချိန်အထိ ယုံကြည်မှုထားထားတယ်။ ဒီပွဲကို နိုင်ချင်တယ်။

အာဆင်နယ်၊ လီဗာပူးတို့နဲ့ သရေကစားနိုင်ခဲ့တော့ ယုံကြည်မှုက ရှိနေပြီးသားပါ”လို့ ပြောကြားသွားပါတယ်။ ဒီရယ်လိုဟာ အခု ဆောက်သမ်တန်နှင့်ပွဲမတိုင်မီ ရှေ့နှစ်ပွဲရလဒ်ကို ရည်ရွယ်ပြီး ပြောဆိုသွားပါတယ်။

အာမက်ဒီရယ်လိုဟာ ၅ ဂိုးသွင်း ၅ ကြိမ်ဖန်တီးပြီး နိုဝင်ဘာလအစမှ နောက်ပိုင်းအထိ ကာလအတွင်း ပရီးမီးယားလိဂ်မှာ မိုဟာမက်ဆာလက် (၂၀)နှင့် အလက်ဇန္ဒားအီဆတ်(၁၇)တို့ပြီးရင် ဂိုးနှင့် ဖန်တီးမှုအများဆုံးပြုလုပ်ထားနိုင်သူအဖြစ် ရပ်တည်နေပါတယ်။

တကယ်တော့ ဒီအောင်မြင်မှုက ကြီးမားတဲ့ အောင်မြင်မှုလို့တော့ မဆိုနိုင်သေးပါဘူး။ လူငယ်ပါရမီရှင်တွေ တဒင်္ဂအောင်မြင်မှုကို သာယာပြီး အောင်ဖျာမလိပ်နိုင်ခဲ့တာ ရှည်လျားလွန်းလှတဲ့ ဘောလုံးစာမျက်နှာထက်မှာ အများကြီးပါ။

ဒါကို နည်းပြအေမိုရမ် သိထားပြီး ဖြစ်ပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြဟာ ဒီရယ်လိုကို နောက်ထပ် အရောင်တောက်သထက် တောက်ပလာအောင် အရောင်သွေးပေးဦးမှာ ဖြစ်ပါတယ်။

အေမိုရမ်က “သူနဲ့ပတ်သက်ပြီး ပြောစရာ များများစားစား မရှိပါဘူး။ မနက်ဖြန်ကျရင်နား၊ ကောင်းကောင်းစားပြီး သူ့ကို ထပ်ပြီး လိုအပ်နေမဲ့ တနင်္ဂနွေနေ့အတွက် (ဘရိုက်တန်)အသင့်ဖြစ်အောင် လုပ်ထားဖို့ပဲ ပြောပါမယ်။

သူဟာ အရမ်းကောင်းတဲ့ ရာသီပိုင်ဆိုင်နေပါတယ်။ သူ့ကို ဂုဏ်ပြုပါတယ်။ ဒီအခိုက်အတန့်တွေမှာ ချီးကျူးဂုဏ်ပြုမှု လိုအပ်တာကြောင့် ဒီညတော့ သူ ပျော်နိုင်ဖို့ မျှော်လင့်တယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ လူငယ်တွေနဲ့ပတ်သက်ပြီး သတိထားရပါမယ်။ ဒီပွဲက အတိတ်မှာ ကျန်ခဲ့ပါပြီ”လို့ ဆိုသွားပါတယ်။