စပိန်ဘက် ထွက်ဖို့ အတော်လေး နီးစပ်နေပြီ ဖြစ်တဲ့ မန်ချက်စတာရဲ့ သန်း တစ်ရာဂျင်း အန်တိုနီ

မန်ယူအသင်းဟာ ပေါင် ၈၆ သန်းတန် တောင်ပံ ကစားသမား အန်တိုနီကို စပိန်ကလပ် ရီးရဲလ်ဘက်တစ် အသင်းထံ အငှားစေလွှတ်ဖို့ အတော်လေးကို နီးစပ်နေပြီ ဖြစ်ပါတယ်။

လက်ရှိ နည်းပြ အမိုရင်ကိုယ်တိုင်က အန်တိုနီကို ဆက်လက် ချောင်ထိုးထားသလို အာမတ်ရဲ့ ခြေစွမ်းပြမှုတွေကြောင့် အန်တိုနီ တစ်ယောက် ယခုဆောင်းရာသီမှာ အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်သွားရမှာ ဖြစ်ပါတယ်။

အန်တိုနီဟာ လက်ရှိ မန်ယူအသင်းထံမှ တစ်ပါတ် ပေါင် ၂သိန်း ရရှိနေသူ တစ်ယောက် ဖြစ်သလို အငှားခေါ်ယူမယ့် ဘက်တစ်ကလည်း လစာ ထက်ဝက်ဝန်းကျင် စိုက်ထုတ်ပေးချေခေါ်ယူသွားဖို့ ဆွေးနွေးနေပါပြီ။

အဆိုပါ လစာကိစ္စသာ အဆင်ပြေခဲ့ပါက အန်တိုနီရဲ့ အပြောင်းအရွှေ့က အထမြောက်သွားဖွယ် ရှိနေပါတယ်။

ဂရိကလပ် အိုလံပီယာကို့စ်ကလည်း အစောပိုင်းတုန်းက အန်တိုနီကို အငှားခေါ်ယူလိုနေပေမယ့် ကစားသမားကိုယ်တိုင်က ဂရိမှာ သွားရောက် ကစားလိုခြင်း မရှိတာကြောင့် ယခုလို စပိန်အသင်းက အန်တိုနီကို ထပ်မံကမ်းလှမ်းလာခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီဟာ လက်ရှိရာသီ အသင်းအတွက် ၁၂၉ မိနစ်သာ ပါဝင်ကစားခွင့်ရထားသူ တစ်ယောက် ဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက သွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်တော့တာ ဖြစ်ပါတယ်။

၎င်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၄၃ ပွဲမှာ ၁ ဂိုးပဲ ရခဲ့သလို ယူနိုက်တက်ကိုရောက်လာပြီးနောက် လိဂ်ဂိုး ၅ ဂိုးပဲ ရခဲ့ပါတယ်။

ဒါကြောင့် တဂိုးရဖို့အတွက် မိနစ်ပေါင်း ၆၀၀ ကျော် အချိန်ယူခဲ့ရသူပါ။ လစာ အနေနဲ့လည်း အေဂျက်ဇ်မှာ တပတ်ပေါင်နှစ်သောင်းပဲ ရခဲ့ပေမယ့် ယူနိုက်တက်မှာ ပေါင် ၂သိန်းအထိ ရခဲ့ပါတယ်။