နည်းပြ အပေါ် စိတ်မကွက်သလို ယူနိုက်တက်အတွက် ထပ်မံ ကစားခွင့် ရရှိချင်တဲ့ မားကပ် ရက်ဖို့ဒ်

မားကပ်စ်ရက်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အတွက် ထပ်မံ ကစားခွင့်ရရှိရေးအတွက် လက်မလျှော့သေးသလို သူ့ကို လူစာရင်းကနေ ဆက်တိုက်ချန်လှပ်ခဲ့တဲ့ နည်းပြဖြစ်သူ အမော်ရင်အပေါ် ဘာမှ အငြိုးအတေး မထားဘူးလို့ သိရပါတယ်။

ရက်ဖို့ဒ်ဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့တုန်းကဗစ်တိုးရီးယားပါဇန်ကို အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်နောက်ပိုင်းတွင် ယူနိုက်တက်အတွက် ကစားခွင့်မရလာခဲ့ပါဘူး။

ရပ်ရှ်ဖို့ဒ်ဟာ ကြာသပတေးညကျရင်ကစားမဲ့ ရိန်းဂျားစ်နဲ့ ယူရိုပါလိဂ်ပွဲအတွက် လူစာရင်းမှာ သူ့ကို အမော်ရင် ရွေးချယ်မယ်ဆိုရင် အသင်းအတွက် ပါဝင်ကစားပေးဖို့ ဆန္ဒရှိနေတယ်ဆိုပြီး ယူနိုက်တက်အသင်းနဲ့ နီးစပ်တဲ့သူတစ်ဦးက The Sun သတင်းစာကို အသိပေးပြောကြားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့လက အင်တာဗျူးတစ်ခုမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် ယူနိုက်တက်ကနေ ထွက်ခွာဖို့ အသင့်ရှိနေပြီလို့ လူသိရှင်ကြား ထုတ်ပြောခဲ့သလို လေ့ကျင့်ခန်းအစီအစဉ်က သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် အမော်ရင်က အခုနောက်ပိုင်းပွဲတွေမှာ ရပ်ရှ်ဖို့ဒ်ကို ပွဲကစားခွင့် မပေးတော့ပါဘူး။

ယူနိုက်တက်အသင်းရဲ့ နောက်ဆုံး ၉ ပွဲမှာ ရပ်ရှ်ဖို့ဒ် တစ်ပွဲမှ ကစားခွင့်မရဘဲ အဲဒီထဲက နယူးကာဆယ်နဲ့ပွဲမှာသာ အရန်လူစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ရပ်ရှ်ဖို့ဒ်ဟာ ပွဲကစားခွင့် မရတဲ့အချိန်အတွင်း ကြံ့ခိုင်မှုပြည့်ဝအောင်လို့ ထပ်တိုးလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ပြီး ရိန်းဂျားစ်နဲ့ပွဲမှာ ပါဝင်ကစားဖို့ အသင့်ရှိနေပါပြီ။

နောက်ပြီး ရပ်ရှ်ဖို့ဒ်က အမော်ရင်နဲ့သူ့ကြားမှာ ဘာပြဿနာမှမရှိဘူးဆိုတာ သက်သေပြဖို့နဲ့ အသင်းအတွက် ၁၀၀ % ပေးဆပ်ဖို့ ဆန္ဒပြင်းပြနေပါတယ်။

ဒါပေမဲ့လည်း ရပ်ရှ်ဖို့ဒ်ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ခန့်မှန်းသတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေဆဲဖြစ်ပြီး သူ့ကို အငှားနဲ့ခေါ်ယူဖို့ ဒေ့ါမွန်၊ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။