ဂိုးသွင်းရမှာ ရှက်နေတဲ့ တိုက်စစ်မှုးတွေချည်း ပိုင်ဆိုင်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဂိုးနဲ့ နောက်တန်း ဟာကွက်တွေချည်း ပြောနေကြချိန်မှာ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက် လိုတယ်ဆိုတဲ့ အချက်ကိုလည်း မသိချင်ယောင်ဆောင်နေလို့ မရပါဘူး။
ဘရိုက်တန်နဲ့ ပွဲမှာ ယူနိုက်တက် အနေနဲ့ ပင်နယ်တီကနေသာ ဂိုးရခဲ့တာ ဖြစ်ပြီး အရင်ပွဲတုန်းကလည်း အာမက် ကယ်တင်ခဲ့လို့သာ စိန့်တွေကို နိုင်ခဲ့တာပါ။
တိုက်စစ်မှုး ဂျိုရွှာ ဇက်ဇီးက မန်ချက်စတာ ယူနိုက်တက်ကစားသမားဘဝကို ခက်ခက်ခဲခဲ စတင်ခဲ့ရပြီး ပြီးခဲ့တဲ့အပတ်တွေက နည်းနည်း တိုးတက်လာပုံပေါ်ခဲ့ပေမယ့်လည်း အားထားရတဲ့ အဆင့် မရောက်လာပါဘူး။
ဟွိုင်လန်းကလည်း နှစ်အနည်းငယ်အတွင်း ကျောနံပါတ် ၉ နေရာမှာ အားကိုးရကောင်း အားကိုးရနိုင်ပေမယ့်လည်း သူ့ရဲ့ ပရီးမီးယားလိဂ် ဂိုးသွင်းနှုန်းက ပျမ်းမျှ ၄ ပွဲမှာ ၁ ဂိုးလောက် ဖြစ်နေတာတော့ အဆင်မပြေပါဘူး။
တဖက်မှာလည်း ဒီ ၂ ယောက်စလုံးအတွက် ဂိုးရပေါက် ရလမ်းတွေ ဖန်တီးပေးနိုင်တဲ့ ကစားသမားမျိုးတွေ မရှိတာကြောင့်လည်း တိုက်စစ်မှူးတွေချည်း အပြစ်ဖိပြောလို့ မရပါဘူး။
မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားသစ် ခေါ်ယူရေးအဖွဲ့က ဘယ်လောက် ညံ့လဲ ဖျင်းလဲဆိုတာ တကမ္ဘာလုံး သိကြတဲ့ လျှို့ဝှက်ချက်ဖြစ်ပြီး အမိုရင်အနေနဲ့ အိုးထရက်ဖို့ဒ်မှာ ဂယော်ကီရက်စ်နဲ့ ဘာကြောင့် ပြန်ပြီး ဆုံစည်းချင်နေလဲဆိုတာကို မြင်ဖို့ကတော့ မခက်ပါဘူး။
လက်တွေ့ကျကျ တွေးကြည့်ရင် ဂယော်ကီရက်စ် အနေနဲ့ ဒီလထဲ မန်ချက်စတာ ယူနိုက်တက်ကို ရောက်မလာနိုင်ပါဘူး။
အဲဒါကြောင့် အမိုရင်အနေနဲ့ ဟွိုင်လန်းနဲ့ ဇာဇီးတို့ကို ယုံကြည်မှုအချို့ ရအောင် မှော်ဆန်တဲ့ဘယ်လိုအရာကို မဆို လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒါမှလည်း ဇယားအပေါ်ပိုင်းကို ပြန်တက်ဖို့ မျှော်လင့်ချက်ရှိလာတော့မှာပါ။
ရေရှည်အတွက်ဆိုရင်တော့ ဒီ ၂ ယောက်နဲ့ အလုပ်မဖြစ်ဘဲ အမိုရင်အနေနဲ့ ဂိုးပေါက်ရှေ့မှာ ပြိုင်ဘက်ကို မညှာတာတဲ့ ကျောနံပါတ် ၉ ဂိုးသွင်းမုဆိုး စစ်စစ် လိုအပ်မှာဖြစ်ပြီး အခုအချိန်အထိ မြင်ခဲ့ရသလောက်တော့ ဇက်ဇီးနဲ့ ဟွိုင်လန်းတို့က ဂိုးသွင်းရမှာ ရှက်နေကြတဲ့ တိုက်စစ်မှူးတွေပါပဲ။