ယူနိုက်တက်မှာ ကင်ဆာဆဲလ်တွေလို ဖြစ်နေလို့ ရှင်းထုတ်ရမယ့် ကစားသမား ၃ဦး ဖာဒီနန် ဖော်ထုတ်
သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က နည်းပြ ရူဘင် အမိုရင် အား ဇန်နဝါရီအပြောင်းရွှေ့ကာလမကုန်ခင် မန်ချက်စတာယူနိုက်တက်ကစားသမား ၃ ဦးကို ရှင်းထုတ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဆောင်းရာသီ အပြောင်းအရွှေ့ကာလကို ပျင်းရိညည်းငွေ့ဖွယ်စတင်ခဲံပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ဈေးကွက်နောက်ဆုံးပိတ်မယ့် ဖေဖော်ဝါရီ ၃ ရက်နေ့မတိုင်ခင် အပြောင်းအရွှေ့အချို့ ပြုလုပ်သွားမယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။
မန်ချက်စတာယူနိုက်တက်က ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ဆက်လက်ရုန်းကန်နေရတဲ့ လုခ် ရှောနေရာအတွက် ဘယ်နောက်ခံလူခေါ်ယူဖို့ လုပ်ဆောင်နေပြီး အဲဒီအပြောင်းအရွှေ့ပြီးတားနဲ့ သင့်တော်တဲ့ ဈေးနဲ့ ခေါ်လို့ရရင် တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ဖို့လည်း စဉ်းစားသွားမှာ ဖြစ်ပါတယ်။
အမိုရင်က နိုဝင်ဘာတုန်းက အသင်းကို ရောက်လာချိန်တုန်းက အိုးထရက်ဖို့ဒ်က အရာအားလုံးကို ပြောင်းလဲပစ်ဖို့ အချိန်ယူရလိမ့်မယ်လို့ ဝန်ခံခဲ့ပေမယ့် ပေါ်တူဂီလူမျိုးနည်းပြ အစက ထင်ထားခဲ့တာထက် လုပ်ဆောင်ရမယ့်တာဝန်က ပိုမိုကြီးမားနေခဲ့တာဖြစ်ပါတယ်။
မန်ယူနိုက်တက်ဟာ နောက်ဆုံး လိဂ် ၉ ပွဲကနေ ၂ ပွဲသာ နိုင်ပွဲရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားအောက်ပိုင်းမှာ ရပ်တည်နေရတာကြောင့် ဉရောပဝင်ခွင့်နေရာထက် တန်းဆင်းဇုန်နဲ့ ပိုမို နီးကပ်နေတာဖြစ်ပါတယ်။
ဖာဒီနန်က အမိုရင်အနေနဲ့ အသင်းမှာ မလိုတဲ့ လူပိုတွေကို ဖယ်ရှားခြင်းအားဖြင့် အကျိုးအမြတ်ရှိလိမ့်မယ်လို့ ယုံကြည်နေပြီး ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ မာလာစီယာတို့ ၃ ဦးစလုံးကို အသင်းမှာ မထားဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“အန်တိုနီကတော့ သွားပြီထင်တယ်။ တစ်ယောက်ကတော့ သူ ရီးရဲလ်ဘက်တစ်ကို သွားပြီလို့ ပြောခဲ့တယ်။ သူတို့တွေအားလုံးကို အသင်းကနေ ထွက်ခိုင်းလိုက်တော့။ စိတ်မကောင်းပါဘူး။ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ဒီ
လိုလူတွေ များများရှိလေ အသင်းမှာ မကောင်းတဲ့ဆူညံသံတွေပဲ ရှိနေလေ ဖြစ်နေမှာပါ။ သူတို့ အားလုံးကလည်း အသင်းက ထွက်ချင်နေကြတယ်။ အဲဒီတော့ ထွက်ခိုင်းလိုက်ပြီး အသစ်ပြန်စလိုက်ပါ။
ကစားသမား တချို့က အသင်းမှာ အခြေမကျဖြစ်နေပြီး မပျော်မရွှင်ဖြစ်နေရင် စီစဉ်ထားသလို ဖြစ်မလာနိုင်ပါဘူး။
ကင်ဆာဆဲလ်လို ကောင်းနေတဲ့အပိုင်းတွေကို လှိုက်စားသွားလိမ့်မယ်။ မကောင်းတဲ့ စွမ်းအင်တွေပဲ အဝတ်လဲခန်းထဲမှာ ပျံ့နှံ့သွားလိမ့်မယ်။
အဲဒါတွေက အသင်းကို ပိုပြီး ထုံထိုင်းပြီး စိတ်ဓာတ်ကျဆင်းစေလိမ့်မယ်။ အသင်းက အမြင့်ပျံနေမယ်ဆိုရင်တော့ အဆင်ပြေပါလိမ့်မယ်။
ဘာလို့လဲဆိုတော့ အဲဒီလို ကစားသမားတွေက အလိုလို နောက်မှာ ကျန်နေခဲ့မှာမို့လို့ပါ။ ဒါပေမယ့် ခင်ဗျားက အနိုင်မရနေတဲ့အခါမှာတော့ ပိုပြီးတော့ ဆိုးစေပါလိမ့်မယ်။”လို့ ပြောကြားခဲ့ပါတယ်။