ရိမ်းဂျားစ်ကို နိုင်ပြီး ယူရိုပါလိဂ်မှာ ၁၆ သင်းအဆင့်တက်ဖို့ ပိုသေချာလာခြင်း၊ အမ်မိုရင်းနဲ့ ယူနိုက်တက် ရသွားတဲ့ စံချိန်ကောင်း
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကြာသပတေးနေ့ညက ရိန်းဂျားစ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် ယူရိုပါလိဂ်မှာ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
သရဲနီတွေဟာ စကော့တလန် ကလပ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၂-၁ နဲ့ အနိုင်ရခဲ့တာကြောင့် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ နောက်ထပ်ခြေတလှမ်း နီးကပ်လာပြီဖြစ်ပါတယ်။
အိမ်ရှင်တွေဟာ ပွဲအစောပိုင်းကတည်းက အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့်လည်း အဖွင့်ဂိုးက ရိန်းဂျားစ် ဂိုးသမားရဲ့ အမှားကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။
ဂျက်ခ် ဘတ်တလန်က ခရစ်ရှန် အဲရစ်ဆင်ရဲ့ ထောင့်ကန်ဘောကနေ ကန်တင်လိုက်တဲ့ ဘောလုံးကို ကိုယ့်ဂိုးထဲ ကိုယ်ပြန်သွင်းမိပြီး အုန်းဂိုး ဖြစ်ခဲ့တာဖြစ်ပါတယ်။
ဆီရီရယ် ဒန်ဆာက ၈၈ မိနစ်မှာ ရိန်းဂျားစ်အတွက် သရေ ၁ မှတ် ရယူပေးနိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့်လည်း နာကျင်အချိန်ပိုမှာ ရခဲ့တဲ့ ပင်နယ်တီကနေတဆင့် ဖာနန်ဒက်စ်က သရဲနီတွေအတွက် နိုင်ပွဲ ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ဒီရာသီ အစောပိုင်းမှာ နည်းပြအပြောင်းအလဲနဲ့ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရမှုကြောင့် ယူရိုပါလိဂ်မှာ ရှုံးပွဲမရှိသေးတာက အချို့အတွက် အံ့အားသင့်စရာ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။
ရူဘင် အမိုရင်က ဥရောပပြိုင်ပွဲကို ဟန်ချက်နဲ့ သူ့ရဲ့ ကစားကွက်အတိုင်း ကစားသမားတွေ ခြေစွမ်းပိုင်း တည်တည်ငြိမ်ငြိမ်နဲ့ ပုံစံကောင်း ဆက်လက်တည်ဆောက်နိင်အောင် အားကောင်းတဲ့ လူစာရင်းကို ပွဲထုတ်ခဲ့ပါတယ်။
ရှုံးထွက်အဆင့် စတင်တာနဲ့ ဘာမဆို ဖြစ်သွားနိုင်တာကြောင့် အမိုရင်က ပြိုင်ဘက်တွေကို လျှော့မတွက်တာ ပိုကောင်းမှာဖြစ်ပြီး သရဲနီတွေဟာ ၁ ပွဲသာ ကစားဖို့ ကျန်တဲ့အချိန်အထိ ၁၆ သင်းရှုံးထွက်အဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ သိပ်မသေချာသေးတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရိန်းဂျားစ်နဲ့ပွဲမှာ ရယူနိုင်ခဲ့တဲ့နိုင်ပွဲဟာ လာမယ့်အပတ် ဘေဆယ်နဲ့ပွဲအတွက် နိုင်ပွဲရယူဖို့အတွက် စိတ်ဓာတ် ခွန်အားဖြစ်စေခဲ့မှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အတွက် နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကတော့ သရဲနီတွေအတွက် ပွဲ ၅၀ မြောက် ဥရောပပွဲကို ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
မန်ယူနိုက်တက်နည်းပြ ရူဘင် အမိုရင်ကလည်း ပထမဆုံး တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဥရောပအဓိကဖလားပြိုင်ပွဲမှာ ၃ ပွဲစလုံး အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ တတိယမြောက် မန်ယူနိုက်တက်နည်းပြဖြစ်လာခဲ့ပြီး ရှေ့မှာ ဆာ မတ် ဘတ်စ်ဘီနဲ့ ဆာအဲလက်စ် ဖာဂူဆန်တို့က စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။