ရက်ဖို့ဒ်နဲ့ ဂါနာချို အနာဂတ်နဲ့ အပြောင်းအရွှေ့ ကိစ္စတွေအကြောင်း ဖြေကြားလာတဲ့ အေမိုရမ်
ယူနိုက်တက်နည်းပြ ရူဘင်အေမိုရမ်က မားကပ်စ်ရက်ဖို့ဒ်နှင့် အလီဂျန်ဒရိုဂါနာချိုတို့ရဲ့ အိုးထရက်ဖို့ဒ်အနာဂတ် ဘယ်လို ဖြစ်လာမလဲ မသိကြောင်း ပြောကြားလာပါတယ်။
ရက်ဖို့ဒ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ ဗစ်တိုရီးယားပါဇန်နှင့်ပွဲနောက်ပိုင်းကတည်းက ယူနိုက်တက်အတွက် ကစားခွင့်မရလာတာပါ။ ဂါနာချိုမှာ မနေ့ညတုန်းက ရိန်းဂျားနှင့်ပွဲတွင် ပွဲထွက်ခွင့် ရပြီးနောက် နောက်ဆုံး ၄ ပွဲတွင် ၃ ပွဲ ပွဲထွက်ခွင့် ရလာပြီး နိုဝင်ဘာလ ၂၈ ရက်နေ့ နောက်ပိုင်း ပထမဆုံးဂိုးသွင်းနိုင်ရန် နီးစပ်ခဲ့ပါတယ်။
အေမိုရမ်ဟာ ဂါနာချိုနှင့် ရက်ဖို့ဒ်တို့အား ရောင်းချကာ သူ့ရဲ့ ၃-၄-၃ ကစားကွက်နှင့် အံဝင်မဲ့ ကစားသမားသစ်များ ခေါ်ယူကာ အသင်းကို အပြောင်းအလဲ လုပ်မယ်လို့ ယူဆခြင်းခံထားရပါတယ်။
အေမိုရမ်က “သူတို့က အခြားမန်နေဂျာတွေရဲ့ ကစားသမားတွေ မဟုတ်ပါဘူး။ အခု သူတို့က ကျုပ်ကစားသမားတွေပါ။ ကလပ်ရဲ့အခြေအနေကို ခင်ဗျားတို့လည်း သိတာပဲလေ။ ဘာမှ မလုပ်ခင် ဒီအခြေအနေသို့ ရောက်အောင် ဘယ်သူတွေ လုပ်သလဲ စဉ်းစားရပါမယ်။
အရာရာတိုင်းနဲ့ပတ်သက်ပြီး အရမ်းရှင်းရှင်းလင်းလင်း လုပ်ထားပြီးသားပါ။ ဒီမေးခွန်းကို နားလည်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူတို့က ကျုပ်ကစားသမားတွေပါ။ အခု ကျုပ် အာရုံစိုက်နေတာကလည်း လာမယ့်ပွဲပါ။ ဘာဖြစ်လာမလဲ မသိပါဘူး။ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်အထိတော့ ဘာမဆို ဖြစ်လာနိုင်ပါတယ်”လို့ ပြောကြားသွားပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ပိတ်မှာ ဖြစ်ပြီး ရက်ဖို့ဒ်ဟာ ဘာစီလိုနာနှင့် ဆွေးနွေးနေကြောင်း သတင်းထွက်နေပါတယ်။
အသက် ၂၀ နှစ်ရှိ အလီဂျန်ဒရိုဂါနာချိုကိုလည်း ချဲလ်ဆီးနှင့် နာပိုလီတို့က စိတ်ဝင်စားနေပါတယ်။
ယူနိုက်တက်ဟာ ပြိုင်ဘက်ကလပ်သို့ မရောင်းချလိုမှုနှင့်အတူ ချဲလ်ဆီးဘက်က ဂါနာချိုအား ပေါင်သန်း ၆၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းမှုကို တုံ့ပြန်ထားခြင်း မရှိပါဘူး။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်းနှင့် ညှိစွန်းမဲ့ အခြေအနေမှာ ရှိနေရာ ကစားသမားသစ် ခေါ်ယူရန် ကစားသမားရောင်းချရန် လိုအပ်နေပါတယ်။
ဒါပေမဲ့ ပရီးမီးယားလိဂ်စည်းမျဉ်းအရ ငယ်မွေးခြံ့ပေါက်ကစားသမားကို ရောင်းချမှုအား အမြတ်အဖြစ် တွက်ချက်ရာ ဂါနာချိုအား ရောင်းချမှုက ယူနိုက်တက်အတွက် များစွာ အသက်ရှူချောင်လာစေပါမယ်။