လန်ဒန်ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချယ်လ်ဆီးတို့ရဲ့ ဥရောပစံချိန် တစ်ခုကို ယူနိုက်တက် ကျော်ဖြတ်

ရိန်းဂျားစ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရပြီးတဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အာဆင်နယ်၊ ချယ်လ်ဆီးတို့ရဲ့ ဥရောပစံချိန်ကောင်းတစ်ခုကို ချိုးဖျက်နိုင်ပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ၅၂ မိနစ်မှာ ရိန်းဂျားစ်ဂိုးသမားဘတ်လန်းရဲ့ OG ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ၈၈ မိနစ်မှာ ဒက်ဆာစ်က ချေပဂိုး ပြန်သွင်းခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ်ကနေ သရေတစ်မှတ်နဲ့ အိမ်ပြန်ရဖို့ နီးစပ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း နာကျင်အချိန်ပို ၉၂ မိနစ်မှာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အဖိုးတန်အနိုင်ဂိုးသွင်းခဲ့လို့ ယူနိုက်တက်အသင်းဟာ နိုင်ပွဲရခဲ့ပြီး ၁၅ မှတ်နဲ့ အဆင့် ၄ နေရာ တက်လှမ်းနိုင်ပြီဖြစ်တဲ့အတွက် နောက်တစ်ဆင့် တိုက်ရိုက်တက်ခွင့်ရဖို့ အခွင့်အရေးများနေပါပြီ။

အခုဆိုရင် ယူနိုက်တက်အသင်းဟာ ဥရောပပြိုင်ပွဲတွေမှာ နာကျင်အချိန်ပိုအပါအဝင် မိနစ် ၉၀ နဲ့နောက်ပိုင်း အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာက ၈ ကြိမ်အထိရှိလာပြီး အင်္ဂလိပ်ကလပ်တွေထဲမှာ အကြိမ်အများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

အရင်က ယူနိုက်တက်၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့ဟာ ၇ ကြိမ်စီနဲ့ တူညီခဲ့ပေမဲ့ အခု ယူနိုက်တက်အသင်းက ၁ ကြိမ် အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

ယူနိုက်တက်အသင်းဟာ ဒီရာသီ ယူရိုပါလိဂ်မှာ နောက်ကျဂိုးတွေနဲ့ နိုင်ပွဲတွေရယူနေပြီး အခုပွဲမတိုင်ခင် ဗစ်တိုးရီးယားပါလ်ဇန်ကို ၂-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲတုန်းက ဟွိုင်လန်းရဲ့ ၈၈ မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ဘိုဒိုဂလင့်နဲ့ပွဲမှာလည်း အနောက်ကနေ လိုက်ကစားပြီးမှ အနိုင်ရခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နောက်ဆုံးပွဲအဖြစ် ရိုမေးနီးယားကလပ် စတူအာဘူခါရက်နဲ့ အဝေးကွင်းပွဲ သွားရောက်ကစားရမှာဖြစ်ပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ခွင့်ရဖို့ မဖြစ်မနေ အနိုင်ကစားရမှာပါ။