အသင်းကို မောင်းနှင်ရမယ့် အစား ဘောလုံးတောင် မကိုင်တတ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသား

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ခရာဗန် ကော့တေ့ချ် ကွင်းသို့ သွားရောက်ပြီး ဖူလ်ဟမ်ကို ရင်ဆိုင် ကစားရာ ၁-ဝ နဲ့ နိုင်ပွဲရခဲ့ပါတယ်။

ယူနိုက်တက် လိုအပ်နေတဲ့ နိုင်ပွဲရသွားတာကြောင့် စိတ်အေးရပေမယ့် သရဲနီဟောင်းကြီး ရီယို ဖာဒီနန်ကတော့ အသင်း တိုက်စစ်ဦးကနေ ဘောလုံးတောင် မထိန်းနိုင်လောက်အောင် ညံ့လွန်းနေတဲ့ တိုက်စစ်မှုး ဟွိုင်လန်းအား တည့်ပဲ ဝေဖန် ပြောဆိုလာပါတယ်။

ဟွိုင်လန်းဟာ မိနစ် ၆ဝ သာ ကစားကာ လူစားလဲ ခံခဲ့ရပြီး ပထမပိုင်းမှာ ဘောလုံး ပိုင်ဆိုင်ထားရာကနေ ပြန်လွတ်သွားတာ ၁ဝ ကြိမ်ထိ ရှိခဲ့ပါတယ်။

ဖာဒီနန် က ” အဲဒါက စကားပြောတာပဲ။ သူ ပထမပိုင်း အပြီး အဝတ်လဲခန်းထဲမှာ အဆူခံရတယ်ဆို အံ့သြစရာ မရှိဘူး။ ဘောလုံးကို ကိုင်ထားရမယ် ထိန်းထားနိုင်ရမယ်။ ကွင်းထဲမှာ သူက အသင်းကို နှိုးထနိုင်ရမယ်။

အခုတော့ သူက သွက်သွက်လက်လက်လည်း မရှိဘူး။ ဒီလောက်ကြီး ဖြစ်နေတာ သူ့ အသင်းဖော်တွေက သူ့ကို ဘာမှကို မပြောကြဘူးဆိုရင်တော့ အံ့အားသင့်စရာပဲ။

သူက နေရာယူ ပြေးလွှားမှုတွေ ပိုလုပ်ရမယ်။ တချိန်လုံး ဘောလုံး ဆုံးရှုံးနေလို့ မရဘူး။ ပြိုင်ဘက် ဂိုးဧရိယာထဲမှာ ဘောလုံးတောင် မထိန်းနိုင်တဲ့ နံပါတ် ၉ တိုက်စစ်သမားကို ရှေ့တင်ပြီး ယူနိုက်တက်က ဘယ်လို ရုန်းထမလဲ။

ဒီညပွဲ ယူနိုက်တက် ဘောလုံး ပိုင်ဆိုင်မှု တော်တော်များများက ဗဟိုခံစစ်မှုး ၃ ဦး ဆီမှာပဲ။ ယူနိုက်တက်က ဖိအား ရောက်လာပြီ ဆိုတိုင်း သူတို့ဆီပဲ ပြန်ပေးနေတော့တာ။ ” လို့ ပြောဆို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၂၃ မှာ အတ္တလန္တာ အသင်းထံကနေ ဟွိုင်လန်းကို ပေါင် သန်း ၇ဝ ကျော် သုံးကာ ခေါ်ယူခဲ့တာ ဖြစ်ပြီး ဒိန်းမတ်သားဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂ ဂိုးသာ သွင်းရပါသေးတယ်။