တပည့်ကျော် ရပ်ရှ်ဖို့ဒ် ကို ခေါ်ချင်နေတဲ့ ဘက်ဆစ်တပ် နည်းပြ ဆိုးရှားနဲ့ အင်္ဂလန်သား သဘောထား

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ပိတ်မဲ့ တနင်္လာနေ့မတိုင်ခင် အသင်းပြောင်းဖို့ ကြိုးစားရတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သူတစ်ယောက်က ရပ်ရှ်ဖို့ဒ်ဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ ကြိုးကြိုးစားစား လေ့ကျင့်နေပြီး အသင်းအတွက် ပြန်ကစားခွင့်ရဖို့ ဆန္ဒပြင်းပြနေတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း ဖူလ်ဟမ်နဲ့ပွဲအပြီး အမော်ရင်ရဲ့မှတ်ချက်စကားကြောင့် ရပ်ရှ်ဖို့ဒ်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ပြန်ခြေချခွင့်ရဖို့ မသေချာတော့ပါဘူး။

ရပ်ရှ်ဖို့ဒ်ဟာ သူ့အနာဂတ်ကို ဆုံးဖြတ်ဖို့ အချိန် ၆ ရက်ကျန်ရှိနေပြီး မဟုတ်ရင်တော့ ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်မရဘဲ သောင်တင်ရမဲ့ အနေအထားနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဖူလ်ဟမ်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အမော်ရင်က ကြိုးစားအားထုတ်မှု မရှိတဲ့ကစားသမားကို လူစာရင်းမှာ ရွေးချယ်မဲ့အစား အသက် ၆၃ နှစ်အရွယ် ဂိုးနည်းပြဖြစ်သူ ဂျော့ချ်ဗီတယ်လ်ကိုပဲ ရွေးချယ်မှာဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

တကယ်လို့ ရပ်ရှ်ဖို့ဒ်သာ အခုဇန်နဝါရီလအတွင်း အသင်းမပြောင်းဖြစ်ရင် နောက်နွေရာသီဈေးကွက်ဖွင့်မဲ့အချိန်အထိ ယူနိုက်တက်အသင်းမှာ ဆက်ရှိနေမှာဖြစ်ပြီး အဲဒီကာလအတွင်း ယူနိုက်တက်အသင်းဟာ ရပ်ရှ်ဖို့ဒ်အတွက် လစာငွေ ပေါင် ၆.၅ သန်းအထိ ပေးချေရမှာဖြစ်ပါတယ်။

အခုလောလောဆယ် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ဥရောပတစ်ဝန်းက ကလပ်အသင်းတွေ ပစ်မှတ်ထားနေကြပြီး လျှော့ဈေးနဲ့ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

အဲဒီထဲမှာ ယူနိုက်တက် နည်းပြဟောင်း ဆိုးလ်ရှား ကိုင်တွယ်နေတဲ့ ဘက်ဆစ်တက်အသင်းလည်း ပါဝင်နေပြီး ဆိုးလ်ရှားဟာ သူ့တပည့်ဟောင်းကို တူရကီမြေဆီ ခေါ်ချင်နေပါတယ်။

ဒါပေမဲ့လည်း ရပ်ရှ်ဖို့ဒ်ကတော့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံရဖို့အတွက် ထိပ်တန်းလိဂ်ပြိုင်ပွဲတစ်ခုမှာပဲ ဆက်ကစားချင်ပြီး တူရကီကို သွားဖို့ ဆန္ဒမရှိပါဘူး။