နည်းပြကြောင့် အရှက်ဗျန်းဗျန်းကွဲသွားတဲ့ ရက်ဖို့ဒ် အနေနဲ့ သူမှန်ရင် သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ဖာဒီနန် အားပေး
သရဲနီဟောင်းကြီး ရီယိုဖာဒီနန်ကတော့ ရက်ဖို့ဒ်အတွက် ယူနိုက်တက်မှာ ပြန်လမ်း မရှိတော့ဘဲ အသင်းကနေ ထွက်ခွာရန်သာ ရွေးချယ်စရာ ရှိတော့ကြောင်း ဆိုလာပါတယ်။
ရီယိုဖာဒီနန်က “တကယ်လို့ ကျုပ်သာ မန်နေဂျာရဲ့ အဲဒီလို ပြောခြင်းခံရတဲ့ ကစားသမားဆိုပါစို့။ ကျွန်တော့်နှလုံးသား၊ ဂုဏ်သိက္ခာ၊ အတ္တတွေအားလုံး အရှက် ဗျန်းဗျန်းကွဲခံလိုက်ရတာပဲ။ ကိုယ့်စွမ်းဆောင်ရည်ကို မေးခွန်းထုတ်ခံရတယ်၊ အသင်းအတွက် ကိုယ့်ရဲ့ရာနှုန်းပြည့်ပေးဆပ်မှုကို မေးခွန်းထုတ်ခံရတယ်။
ပေးဆပ်မှု မရှိဘူး၊ အချောင်ခိုတယ်လို့ အပြောခံရတယ် တော်တော် အထိနာတဲ့စကားတွေပါ။ မားကပ်စ်အတွက် ပြန်လမ်း မရှိတော့ပါဘူး။ တကယ်လို့ သူသာ ပြန်လာနိုင်တယ်ဆိုရင်လည်း အခြားကစားသမားတွေ မကြိုးစားတော့ဘဲ ရေသာခိုလာကြလိမ့်မယ်”လို့ ဆိုသွားပါတယ်။
ဒါ့အပြင် ရီယိုဖာဒီနန်က ကိုယ့်ရဲ့အသင်းအတွက် ပေးဆပ်မှုအား မေးခွန်းထုတ်လာတဲ့ အေမိုရမ်အား ရက်ဖို့ဒ်အနေဖြင့် ကြေညာချက်ထုတ်ပြန်ကာ တုံ့ပြန်သင့်ကြောင်း ဆိုသွားပါတယ်။
ဖာဒီနန်က “တကယ်လို့ ဒါတွေ မဟုတ်ဘူးဆိုရင် ရှေ့ထွက်ပြီး အစွမ်းကုန် ကြမ်းပြရမယ်။ ကျုပ်ဆိုရင် သတင်းစာရှင်းလင်းပွဲ ခေါ်မယ်။ ကျုပ်က လူတိုင်း ပြောနေသလို မဟုတ်ဘူးဆိုတာ ရှင်းမယ်။ ဒါကလည်း ကိုယ်က ရေသာမခိုဘူးဆိုတာ ၁၀၀ ရာခိုင်နှုန်းသေချာနေမှ လုပ်နိုင်တဲ့အရာပါ။
ကျုပ်တို့က ပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ပြဿနာကို ဖော်ထုတ်နိုင်တဲ့ ခေတ်ကို ရောက်နေတာပါ။ ကျုပ်လည်း မားကပ်စ်နဲ့ တစ်စားပွဲတည်းထိုင်ပြီး စကားပြောချင်တယ်။ သူ့မျက်လုံးကို ကြည့်ချင်တယ်။ သူ ဘာပြောမလဲ သိချင်တယ်။ မလုပ်နိုင်ရင်တော့ ကိုယ့်ကိုယ်ကိုသာ ပြန်ကြည့်ပေါ့”လို့ ပြောကြားသွားပါတယ်။
ရက်ဖို့ဒ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ အငှားဖြင့် ထွက်ခွာမယ်လို့ သတင်းထွက်နေပြီး ဒေါ့မွန်၊ ဘာစီလိုနာတို့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။