ဒီလထဲ ယူနိုက်တက်ကနေ ထွက်ခွာပြီး သွားချင်တဲ့ ကလပ် ရှိနေတဲ့ ကွင်းလယ် ကစားသမား ကက်စမီရို
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကြယ်ပွင့် ကက်စမီရိုက ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးအပတ်မှာ ရိုးမားအသင်းကို ပြောင်းချင်နေတယ်လို့ သိရပါတယ်။
ကက်စမီရိုဟာ ၂၀၂၂ ခုနှစ်က ရီးရဲမက်ဒရစ်ကနေ ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း အထင်ကြီးစရာ ခြေစွမ်းပြသခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီကစပြီး ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။
ဘရာဇီးကွင်းလယ်လူဟာ ပြီးခဲ့တဲ့လက နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မပြေးလွှားနိုင်တော့တဲ့ပုံပေါ်ခဲ့ပြီး ပြီးခဲ့တဲ့ ၆ ပွဲစလုံးမှာ အရန်ခုံမှာသာ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ် ကစားသမားကို အရင်တုန်းက ဆော်ဒီ ကလပ်တွေက စိတ်ဝင်စားခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ပါရေးဒက်စ်ကို ရောင်းချခဲ့တာကြောင့် ကွင်းလယ်လူသစ်ရှာနေတဲ့ ရိုးမားရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာဖြစ်ပါတယ်။
စကိုင်းအီတလီရဲ့ သတင်းအရ ရိုးမားအသင်းဟာ ကက်စမီရိုကို ၆ လအငှားစာချုပ်နဲ့ ခေါ်ဖို့ မန်ချက်စတာ ယူနိုက်တက်ကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး ဘရာဇီး ကွင်းလယ်လူကလည်း အပြောင်းအရွှေ့လုပ်ဖို့ စိတ်ဝင်စားကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာ ယူနိုက်တက်က လာမယ့် ရာသီကုန်မှာ စာချုပ်သက်တမ်းကူန်ဆုံးတော့မယ့် ကက်စမီရိုကိူ အပြီးသတ်ပဲ ရောင်းထုတ်ချင်နေတာဖြစ်ပြီး အငှားနဲ့ ခေါ်မယ်ဆိုရင်လည်း ဝါရင့်ကွင်းလယ်လူရဲ့ ကြီးမားတဲ့ လစာက အဟန့်အတားတခု ဖြစ်လာမှာ ဖြစ်ပါတယ်။
ကက်စမီရိုဟာ အိုးထရက်ဖို့မှာ တပတ်လုပ်ခလစာ ပေါင် ၃ သိန်း ၇ သောင်းခွဲနဲ့ လစာအမြင့်မားဆုံး ကစားသမားတွေထဲမှာ ပါဝင်နေတာကြောင့် မန်ယူနိုက်တက်အနေနဲ့ အပြောင်းအရွှေ့ဖြစ်ချင်ရင် ဘရာဇီးကြယ်ပွင့်ရဲ့ ကြီးမားတဲ့ လစာကို မျှခံသွားရမယ့်အခြေအနေ ဖြစ်နေတာဖြစ်ပါတယ်။