ဒီရာသီ ဥရောပ ထိပ်ပြိုင်ပွဲ ၂ ခုမှာ ရှုံးပွဲ လုံးဝ မရှိတဲ့ အသင်း ဖြစ်လာခြင်းနဲ့အတူ ယူနိုက်တက် ယူရိုပါလိဂ် ရှုံးထွက် တက်ရောက်

ယူရိုပါလိဂ် phase အဆင့် နောက်ဆုံးပွဲ အဖြစ် မန်ချက်စတာ ယူနိုက်တက်ဟာ စတူအာဘူခါရက် ကို အဝေးကွင်း သွားရင်ဆိုင်ရာ ၂-ဝ နဲ့ နိုင်ခဲ့ပါတယ်။

ပွဲချိန်တလျှောက်လုံး နည်းဗျူဟာပိုင်းပြိုင်ဆိုင်မှုတွေနဲ့အတူ ရိုမေးနီးယားမြေမှာ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။

အခုပွဲစဉ်က နှစ်သင်းလုံးအတွက် အထိုက်အလျောက်အရေးပါနေလို့ စတူအာဘူခါရက်ရော၊ ယူနိုက်တက်ပါ သတိကြီးကြီးနဲ့ချဉ်းကပ်လာခဲ့ပါတယ်။

ပထမပိုင်းပွဲချိန်အတွင်း အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အပိုင်ကန်သွင်းခွင့်ရရှိဖို့တော့ နှစ်သင်းလုံးရုန်းကန်ခဲ့ရပါတယ်။

ပထမ အပြီး ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့လို့ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ နှစ်ဖက်အသင်းကစားသမားတွေ အပြောင်းအလဲပြုလုပ်ကာ ယှဉ်ပြိုင်ကစားသွားခဲ့ပါတယ်။

ပွဲချိန်တစ်နာရီကျော်လာပြီးနောက် ယူနိုက်တက်အတွက် ဒါလော့က ဦးဆောင်ဂိုး၊ မိုင်နူးက ဒုတိယမြောက်ဂိုး သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ယူနိုက်တက်က ယူရိုပါလိဂ် ၁၆-သင်းရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၈ ပွဲကစားရတဲ့ ပုံစံအသစ်နဲ့ ကျင်းပနေတဲ့ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်တို့ရဲ့ League Phase မှာ ရှုံးပွဲ လုံး၀ မရှိခဲ့တဲ့ တစ်သင်းတည်းသောအသင်း ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးပွဲစဉ်တွေ မကစားခင်တုန်းက လီဗာပူး နဲ့ လာဇီယို အသင်းတွေဟာလည်း ရှုံးပွဲ မရှိခဲ့ကြပေမယ့် သူတို့တွေဟာ နောက်ဆုံးပွဲစဉ်တွေမှာ ရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့ရပါတယ်။

မန်ယူနိုက်တက်ကတော့ မနေ့ညက ပွဲမှာ စတူအာဘူခါရက်စ် အသင်းကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ကစားခဲ့ပြီး ၈ ပွဲကစား ၅ ပွဲနိုင် ၃ ပွဲသရေ ၊ ၁၈ မှတ်နဲ့ အဆင့် ၃ နေရာကနေ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။