အမော်ရင် ယူနိုက်တက်က တန်ဟက်တုန်းကထက် အများကြီး အခြေအနေဆိုးနေပြီ လို့ နဗီးလ် ထောက်ပြ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြဟောင်း အဲရစ် တန်ဟက် လက်ထက်မှာတုန်းကထက် အခုနည်းပြ ရူဘင် အမော်ရင်လက်ထက်မှာ အခြေအနေတွေ ပိုမို ဆိုးရွားလာတယ်လို့ ဂယ်ရီ နဗီးလ် က မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်က ရာသီအစပိုင်းမှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေကြောင့် နည်းပြတန်ဟက် ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး သူ့နေရာမှာ အသက်(၄၀)အရွယ် ပေါ်တူဂီလူမျိုး နည်းပြအမော်ရင်နဲ့ အစားထိုး ခန့်အပ်သွားခဲ့ပါတယ်။

အမော်ရင်က အင်္ဂလိပ် ဘောလုံးလောကနဲ့ မရင်းနှီးသူ ဖြစ်ပေမယ့်လည်း ပေါ်တူဂီလိဂ်မှာတော့ စပို့တင်း လစ္စဘွန်းအတွက် ဆုဖလားတွေ ရယူပေးထားနိုင်ခဲ့ပါသေးတယ်။

အခုဆိုရင် အမော်ရင်က ယူနိုက်တက်ကို ပြိုင်ပွဲစုံ (၁၉)ပွဲအထိ ကိုင်တွယ်ထားပြီးချိန်မှာ (၈)ပွဲနိုင် (၈)ပွဲရှုံး (၃)ပွဲသရေနဲ့ နိုင်ပွဲရာခိုင်နှုန်းက (၄၂.၁၁)%အထိ ရထားပါတယ်။

ပရီးမီးယားလိဂ် အိမ်ကွင်း(၇)ပွဲ ကစားပြီးချိန်မှာတော့ နိုင်ပွဲက (၂)ပွဲသာ ရထားသေးသလို ကျန်တဲ့(၅)ပွဲလုံးထိ ရှုံးနိမ့်ထားခဲ့ရပါတယ်။ ဒါ့အပြင် အသင်းက ပရီးမီးယားလိဂ်မှာဆိုရင်လည်း အဆင့်(၁၃)နေရာထိပါ ရပ်တည်နေရပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး နဗီးလ်က “ရူဘင် အမော်ရင် လာတုန်းက ပိုကောင်းလာမယ်လို့ ထင်ခဲ့တယ်။ သူရဲ့ စိတ်အားထက်သန်မှုနဲ့ စနစ်သစ်တွေကို ကစားသမားတွေက လက်ခံကြမယ်၊ ပြီးတော့ ကျွန်တော်တို့ တိုးတက်မှုတွေ တွေ့ရမယ်လို့ ထင်ခဲ့တယ်။

ဒါပေမယ့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားတယ်။ ပိုဆိုးလာတာက အံ့သြစရာပါပဲ။ ဒါပေမယ့် ရာသီအဆုံးပိုင်းမှာ ပိုပြီး နာကျင်စရာတွေ ရှိလာမယ်။

နောက်ပြီးတော့ ဒါက ထိခိုက်နစ်နာမှုလည်း ရှိလာရမယ်။ သူတို့ကတော့ ရူဘင် အမော်ရင်နဲ့ပဲ ဆက်လက် ရပ်တည် သွားမှာပါ။ ဒါပေမယ့် ရှုံးနိမ့်မှုတွေ များလာတာနဲ့အမျှ သူရဲ့ စိတ်ကူးတွေကို ကစားသမားတွေ ယုံကြည်အောင် ပြောဖို့က ပိုခက်ခဲလာမယ်။

ကစားသမားတွေ ဒီစိတ်ကူးတွေကို လက်ခံယုံကြည်လာအောင် လုပ်ဖို့ လိုအပ်တယ်။ ဒါပေမယ့် သူတို့ ရှုံးနိမ့်ပြီး ဝေဖန်ခံ လာရရင် သူတို့အပေါ်မှာပဲ မီးမောင်းထိုးပြတာတွေ ပိုဖြစ်လာနိုင်ပြီးတော့ ပရိသတ်တွေကလည်း စိတ်မချမ်းသာစရာ ဖြစ်နေရပါမယ်။

အသင်းက ဆက်ပြီးတော့ ရှုံးနိမ့်နေလို့ မရဘူး။ ဒါက ကစားသမားတွေရဲ့ စိတ်ဓါတ်ကို ထိခိုက်စေနိုင်ပြီးတော့ ယုံကြည်မှု ပျောက်ဆုံးတဲ့အထိ ဖြစ်သွားနိုင်တယ်။ ပြီးတော့ လာမယ့်ရာသီရဲ့ အစပိုင်းကိုပါ ထိခိုက်စေနိုင်တာမို့ သူ တစ်ခုခု လုပ်ရပါမယ်။

သူ့ရဲ့ ပွဲအပေါ် ချဉ်းကပ်မှုပုံစံကိုတော့ သူက အပြည့်အဝ ယုံကြည်ထားပြီးသားမို့ ဒါကို ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ ဒီကို ရောက်ပြီးကတည်းက စပို့တင်းမှာ (၇၅)ပွဲ ကိုင်တွယ်ပြီး ရှုံးနိမ့်ခဲ့တဲ့ ပွဲအရေအတွက်ထက်တောင် ပိုများနေပါတယ်။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။