အဆုံးမှာ ဘာပဲ ပေးဆပ်ရပါစေ.. လုပ်ချင်တာကိုပဲ လုပ်မှာ လို့ နည်းပြ အေမိုရမ် အပြတ် ကြေညာ

မန်ချက်စတာ ယူနိုက်တက် နည်းပြ ရူဘင်အေမိုရမ်က မိမိနှင့် ယူနိုက်တက်ကစားသမားများမှာ ယခုနှင့် ရာသီအကုန် ကာလအတွင်း ကိုယ့်အလုပ် အနာဂတ်အတွက် တိုက်ပွဲဝင်နေရပြီဖြစ်ကြောင်း ပြောကြားလာပါတယ်။ ဒီအတွက်လည်း သူ အလိုရှိတဲ့ အတိုင်း ပုံဖော်မယ်လို့ ပေါ်တူဂီသားက အပြတ် ဆိုပါတယ်။

အေမိုရမ်ဟာ ယူနိုက်တက်ကို ကိုင်တွယ်ပြီးနောက် ပရီးမီးယားလိဂ်ပွဲ ၁၃ ပွဲ ကိုင်တွယ်ထားရာ ၇ ပွဲ ရှုံးပွဲ ကြုံထားရပါတယ်။

နည်းပြ အေမိုရမ်က “ကိုယ့်အသင်းကို ကြည့်တယ်။ ရာသီတဝက်မှာ ကစားသမားသစ်မခေါ်ယူဘဲ အပြောင်းအလဲ ဖြစ်သွားတဲ့ ကိုယ့် ဆုံးဖြတ်ချက်ကို နားလည်တယ်။ ဒါက နည်းပြတစ်ဦးအတွက် အန္တရာယ်ပါ။ ဒါပေမဲ့ ရလဒ်ဆိုးဖြစ်ဖြစ် ကောင်းတာပဲဖြစ်ဖြစ် ကြုံရမှာပါ။ ကိုယ်လုပ်ချင်တာ လုပ်လိုက်တာပါ။ အရဲတော့ စွန့်ရတာပေါ့။

ကျုပ်ကတော့ ကိုယ်လုပ်ချင်တာနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိထားပြီးသားပါ။ အဆုံးမှာ ဘာပဲ ပေးဆပ်ရ ပေးဆပ်ရ ပေးဆပ်ဖို့ အသင့်ပဲ။

ကျုပ်က ခပ်နုံနုံအကောင်တော့ မဟုတ်ဘူး။ ကျုပ်လည်း အကြိမ်ပေါင်းများစွာ‌ ပြောဖူးပါတယ်။ အားကစားမှာ ရလဒ်က အဓိကဆိုတာပါ။ ပြီးတော့ ကျုပ်တို့က ကွဲပြားတဲ့အခြေအနေကြုံနေရတယ်”လို့ ဆိုသွားပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး အေမိုရမ် စတင်ကိုင်တွယ်တုန်းက အဆင့်အတိုင်းပင် ရပ်တည်နေရတုန်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တုန်းက မားကပ်စ်ရက်ဖို့ဒ်နှင့် အန်တိုနီတို့အား အငှားချထားခဲ့ပေမဲ့ တိုက်စစ်သမားခေါ်ယူနိုင်ခဲ့ခြင်း မရှိပါဘူး။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် မာသီတဲလ်နှင့် အန်ကန်ကူတို့အား‌ ခေါ်ယူရေး ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။