ထင်ရာစိုင်းနေတဲ့ အမော်ရင်နဲ့ ကံကောင်းလို့ အက်ဖ်အေဖလား နောက်တစ်ဆင့် တက်သွားတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် ကတော့ လက်စတာကို အိုးထရက်ဖို့ဒ်မှာ ပွဲပြီးခါနီး သွင်းဂိုးနဲ့ နိုင်ကာ အက်ဖ်အေဖလား နောက်တစ်ဆင့် တက်သွားပေမယ့် အသင်းရဲ့ Overall စွမ်းဆောင်ရည်ကတော့ အားရစရာမရှိခဲ့ပါဘူး။

နည်းပြ အမော်ရင်ဟာ ကစားသမားတွေရဲ့ တစ်ဦးချင်းအရည်အသွေးနဲ့ အားသာချက်ကို လျစ်လျူရှုပြီး သူ့ System ထဲ မဝင် ဝင်အောင် ကစားခိုင်းနေတာက ပြဿနာဖြစ်နေပါပြီ။

အမော်ရင်ကိုယ်တိုင်လည်း သူ့ကစားသမားတွေ ဘယ်နေရာမှာ ကစားခိုင်းရင် အံဝင်မလဲ၊ ကစားသမားတစ်ယောက်ချင်းစီရဲ့ အားသာချက်က ဘာတွေလဲဆိုတာ အခုအထိ သိပုံမရသေးပါဘူး။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲတုန်းက False 9 အဖြစ်ကစားခိုင်းခဲ့တဲ့ ကိုဘီမင်နူးကို အခု Left 10 နေရာမှာ အသုံးပြုခဲ့ပြီး ဒီလိုမျိုး စမ်းတဝါးဝါးနဲ့ လျှောက်သုံးနေမယ်ဆိုရင် ကိုဘီမင်နူးလည်း မကြာခင် ဘဝပျက်တော့မှာပါပဲ။

ဘရူနိုဖာနန်ဒက်စ်ရဲ့ အကောင်းဆုံးနေရာက ပြိုင်ဘက်အသင်း Final Third Zone အနားတစ်ဝိုက်မှာဆိုတာ ယူနိုက်တက် ပရိသတ်တိုင်းသိပေမဲ့ အမော်ရင်ကတော့ အခုအချိန်အထိ သိပုံမရသေးပါဘူး။

ကွင်းလယ်မှာ ဆင်းကစားနေရင်းနဲ့ ဘရူနိုဖာနန်ဒက်စ်လည်း No 10 ကစားသမားပုံစံပျောက်ပြီး No 6 လား No 8 Role လားဆိုတာ ပြောဖို့တောင် ခက်နေပါပြီ။

ယူနိုက်တက် အသင်းသားတွေ ကွင်းထဲ ထင်ရာ လျှောက်ပြေးနေတာကလွဲလို့ ဘာကစားကွက်မှ တိတိကျကျ မရှိဘဲ လက်စတာကတောင် ယူနိုက်တက်ထက် ပိုတည်ငြိမ်ပါသေးတယ်။

ယာယီနည်းပြဟောင်း နစ္စတယ်လ်ရွိုင်းရဲ့ အိုးလ်ထရက်ဖို့ဒ် တစ်ကျော့ပြန်လမ်းက နိုင်ပွဲနဲ့အဆုံးသတ်ခွင့်ရဖို့ နီးစပ်ခဲ့ပေမဲ့ ဇာ့ခ်ဇီ၊ မက်ဂွိုင်းယားတို့ ကျောက်ထခဲ့လို့သာ FA ဖလားပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်ခဲ့ရတာပါ။

ပထမပိုင်းတစ်ပိုင်းလုံး ယူနိုက်တက်တို့ ဂိုးပေါက်ကန်ချက် ၂ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁ ကြိမ်မှမရှိဘဲ လက်စတာအသင်းကတောင် ယူနိုက်တက်ဂိုးပေါက်ကို ပိုခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီး ၄၂ မိနစ်မှာ လက်စတာ အဖွင့်ဂိုးရခဲ့ပြီး အန်ဒီဒီရဲ့ကန်ချက်ကို အိုနာနာ ခြေထောက်နဲ့တားနိုင်ပေမဲ့ ရှေ့မှာရှိနေတဲ့ ကော်ဒိုဗာရိဒ်နဲ့ထိပြီးတော့ ဂိုးဝင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဂါနာချို ဝင်လာပြီးနောက်ပိုင်း ယူနိုက်တက်တိုက်စစ်ဘယ်ခြမ်းက ပိုလှုပ်လာပြီး အခွင့်အရေးတွေရခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ချေပဂိုးကို ၆၈ မိနစ်မှာ ဂါနာချို ချိုးပေးတာကနေ ဟွိုင်လန်းရဲ့ပိတ်သွင်းချက်က လက်စတာနောက်ခံလူ ဖေ့စ်နဲ့ထိခဲ့ပေမဲ့ ဘောလုံးက ဂိုးရှေ့မှာ အသင့်စောင့်နေတဲ့ ဇာ့ခ်ဇီဆီ ရောက်သွားလို့ ဇာ့ခ်ဇီက အပိုင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့အဖိုးတန်အနိုင်ဂိုးကိုတော့ နာကျင်အချိန်ပို ၉၃ မိနစ်မှာ ပြစ်ဒဏ်ဘောကနေ ဘရူနိုဖာနန်ဒက်စ် ကန်တင်ပေးလိုက်တာကို လက်စတာနောက်ခံလူဟောင်း မက်ဂွိုင်းယားက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ ဒီဂိုးမှာ မက်ဂွိုင်းယား လူကျွံအနေအထားမှာရှိခဲ့ပြီး VAR အသုံးမပြုတာကြောင့် ယူနိုက်တက် ကံကောင်းခဲ့ရပါတယ်။