လက်ရှိ နည်းပြနဲ့ ယူနိုက်တက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်တယ် ယုံကြည်နေတဲ့ သရဲနီအသင်းသား

မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိနည်းပြ အမ်မိုရင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်တယ် ယုံကြည်ကြောင်း နောက်ခံလူ ဒါလော့က ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ အမှတ်ပေးဖလားနဲ့ ဝေးကွာနေခဲ့တာ ဆယ်စုနှစ်ကျော် ကြာနေခဲ့ပါပြီ။ ပရိသတ်တွေက ဆုဖလားကြီးတွေ အောင်မြင်လိုသလို စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းကို အားပေးလိုနေပေမယ့် လက်တွေ့မှာတော့ ယူနိုက်တက်က ပိုမို ဆုတ်ယုတ်လာနေတာပါ။

တနိုင်ငံတည်းသား လက်ရှိနည်းပြကို အချိန်တစ်ခုပေးမယ်ဆိုရင် ပရိသတ်တွေရဲ့ ဆန္ဒဟာ အမှန်တကယ် အကောင် အထည် ပေါ်လာမယ်လို့ ညာအစွန်လူက ယုံကြည်နေတယ်။

ဒါလော့ ကပဲ ” ဒီနည်းပြ (အမ်မိုရင်း) နဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျနော်တို့ ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်ပါတယ်။

တကယ့် လက်တွေ့မှာ ကျနော်တို့ ဖလားအောင်မြင်နိုင်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေအတွက် နားထောင်ရခက်ခဲမှာက ကျနော်တို့ အချိန်တော့ ယူရပါလိမ့်မယ်။

ပရိသတ်တွေ ဘယ်လို ခံစားနေရမလဲ ကျနော် နားလည်တယ်။ ယူနိုက်တက်ဟာ ဆုဖလားတွေကို ငတ်မွတ်နေတာ၊ လူတိုင်း အနိုင်ရလိုနေတာကို ကျနော် သိပါတယ်။ ကျနော်တို့က ဆုဖလားတိုက်ပွဲတွေမှာ ပါဝင်လာခြင်း မရှိသလို ဖလားတွေကို အနိုင်ရဖို့ အရေးကြီးတာကို သိပါတယ်။

အမ်မိုရင်းနဲ့အတူ ကျနော်တို့ ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်ပါတယ်။ ကစားသမားတွေထံက သူလိုချင်တဲ့အတိုင်း အရာအားလုံးကို အစီအစဉ်တွေချရမယ်၊ ပတ်ဝန်ကျင်ကောင်းကို ဖန်တီးနိုင်ရမယ်၊ နည်းပြရဲ့ စနစ်မှာ အသားကျလာဖို့ လိုပါတယ်။ ဒီအတွက် အချိန်တော့ ယူရမှာပါ ” လို့ ဆိုသွားတာပဲ ဖြစ်ပါတယ်။