အသင်းသစ် ဗီလာရောက်တော့လည်း အဝတ်လဲခန်းမှာ ပြဿနာတက်နေပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်

တိုက်စစ်မှုး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ မန်ယူနိုက်တက်ကနေ အက်စတန် ဗီလာကို အငှားနဲ့ ရောက်ရှိလာပြီးနောက် သိပ်မကြာသေးချိန်မှာပဲ ဗီလာ အဝတ်လဲခန်းထဲမှာ မကျေမနပ်မှုတွေ ဖြစ်စေခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အငှားနဲ့ မထွက်ခွာခင်မှာ ရက်ရှ်ဖို့က မန်ချက်စတာယူနိုက်တက်မှာ အငြင်းပွားစရာ ကစားသမားဖြစ်ခဲ့ပြီး နည်းပြ အမိုရင်က ပထမအသင်းလူစာရင်းထဲကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ကို ဘာကြောင့် လူစာရင်းထဲ မရွေးချယ်ခဲ့တာလဲလို့ မေးမြန်းခဲ့ရာမှာ အမိုရင်က အင်္ဂလန်တိုက်စစ်မှူးက အသင်းဖော်တွေနဲ့ ကောင်းကောင်း ချိတ်ဆက်မကစားနိုင်သလို လိုချင်တဲ့ ကြိုးစားအားထုတ်မှုမျိုးလည်း မပြသနိုင်ခဲ့တာကြောင့်လို့ ပြောကြားခဲ့ပါတယ်။

အက်စတန်ဗီလာကို ရောက်ပြီးတဲ့နောက်မှာ ရက်ရှ်ဖို့အနေနဲ့ ဘဝအသစ်ကို စတင်နိုင်မယ်လို့ ထင်ခဲ့ပေမယ့်လည်း အငြင်းပွားစရာ ကိစ္စတွေကနေ မရှောင်လွှဲနိုင်သေးပုံပေါ်ပါတယ်။

တနင်္ဂနွေနေ့က စပါးကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၆၀ ကျော်မှာ ဒွန်ရဲ မာလန်ရဲ့နေရာမှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး သရဲနီကြယ်ပွင့်ကြောင့် မာလန်က စိတ်ပျက်ခဲ့တယ်လို့ ဒေးလီးမေးက ဖော်ပြခဲ့ပါတယ်။

“အငှားနဲ့ပြောင်းလာတဲ့ မန်ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့က ဒုတိယပိုင်းမှာ ဒွန်ရဲ မာလန်ရဲ့နေရာမှာ လူစားဝင်ကစားလာတဲ့အချိန်မှာ ဗီလာပါ့ခ်ကွင်းကြီး ပွင့်ထွက်မတတ်ဖြစ်ခဲ့တယ်။

ပြီးခဲ့တဲ့ အပတ်မှာ အူနိုင်း အမ်မရီက ဒွန်ရဲ မာလန်အနေနဲ့ ဒီရာသီ ဥရောပပွဲမှာ ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ ပြောထားလို့ တင်းနေတဲ့ ဒွန်ရဲ မာလန် စိတ်အခြေအနေက ဘယ်လိုဖြစ်ခဲ့မလဲ တွေးကြည့်လို့ရပါတယ်။ uefa စည်းမျဉ်းတွေအရ အသင်းတွေက ဇန်နဝါရီကစားသမားခေါ်ယူမှု ၃ ဦးပဲ ဥရောပပွဲမှာ ထည့်သုံးလို့ရတယ်။

အမ်မရီက ရက်ရှ်ဖို့နဲ့အတူ အဆန်စီယို၊ ဒီဆာဆီတို့ကို ခေါ်ဖို့ ရွေးချယ်ခဲ့တယ်။ ဒါကြောင့် ဂါစီယာနဲ့ ဒွန်ရဲ မာလန်တို့က ဘုံပျောက်သွားခဲ့တယ်။

ဂါစီယာက ထိပ်တန်းအဆင့်မှာ ကစားခဲ့ရတဲ့ ကစားသမားမဟုတ်ဘဲ စပိန် ဒုတိယတန်းကလပ် လီဗန်တေးက နောက်ခံလူဆိုတော့ သူ့အတွက် စောဒကတက်စရာ သိပ်မရှိဘူး။ ဒွန်ရဲ မာလန်ကျတော့ ဥရောပ ၅၁ ပွဲ ကစားထားတဲ့ ကစားသမားဆိုတော့ သူ့အတွက်တော့ မတူညီတဲ့ အခြေအနေပါ။”လို့ ဆောင်းပါးထဲမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်ကနေ အငှားနဲ့ ပြောင်းလာတဲ့ ဒွန်ရဲ မာလန်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲမက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ရက်ရှ်ဖို့ကတော့ အုပ်စုအဆင့်က မကျော်ခဲ့တဲ့ မန်ယူနိုက်တက်အတွက် ကစားပေးခဲ့ရတာဖြစ်ပါတယ်။