ယူနိုက်တက် အဝတ်လဲခန်းက ထူးခြား သတင်းထွက်လာခြင်းနဲ့ နည်းပြ – ကစားသမားများကြား ခွာပြဲလာပြီလား

ယူနိုက်တက်စတားများဟာ ပေါ်တူဂီလူမျိုးနည်းပြ ရူဘင်အေမိုရမ်လက်ထက်တွင် ခက်ခဲစွာ စတင်နေရပြီးနောက် အသင်းအနေဖြင့် ရှေ့သို့ အကောင်းဆုံးချီတက်နိုင်မဲ့ နည်းလမ်းအား ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရပါတယ်။

နိုဝင်ဘာလတုန်းက ထုတ်ပယ်ခံရတဲ့ အဲရစ်တန်ဟက်နေရာတွင် အစားထိုးတာဝန်ယူခဲ့တဲ့ ရူဘင်အေမိုရမ်လက်ထက်တွင် ယူနိုက်တက်ဟာ ထင်မှတ်ထားသလို ရလဒ်ကောင်း ရယူနိုင်ခြင်း မရှိဘဲ ရုန်းကန်နေရပါတယ်။

စပို့တင်းလစ္စဘွန်းနည်းပြဟောင်းဟာ သူ့စိတ်ကြိုက်ကစားကွက်ဖြစ်တဲ့ ၃-၄-၃ ကစားကွက်အား သွတ်သွင်းနေပြီး ကစားသမားများမှာ ယင်းဗျူဟာနှင့် အသားကျရန် ရုန်းကန်နေရပါတယ်။

ယင်းသို့အခြေအနေကြောင့် ယူနိုက်တက်စတားအချို့တို့မှာ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်နေကြသလို အသင်းရလဒ်ပိုကောင်းရေး ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာဖို့ ဘယ်လို လုပ်ဆောင်သင့်သလဲဆိုတာ မေးခွန်းထုတ်နေကြပါတယ်။

အထူးသဖြင့် ယူနိုက်တက်စတားများဟာ အေမိုရမ် စနစ်အပေါ် သံသယဝင်နေကြပြီး နည်းပြဘက်က ကစားသမားများနှင့် သင့်တော်တဲ့စနစ်ကို အသုံးပြုလာစေလိုနေပါတယ်။

ဒါပေမဲ့ အေမိုရမ်ကတော့ ၃-၄-၃ ကစားကွက်ကိုသာ အသုံးပြုကာ အသင်းကို တည်ဆောက်သွားမှာ ဖြစ်ပြီး Plan B မရှိကြောင်း လူသိရှင်ကြား ပြောဆိုထားပါတယ်။

ယူနိုက်တက်ဂန္ထဝင်ကစားသမားဂယ်ရီနဗီးလ်က အေမိုရမ်အနေဖြင့် အသင်းရလဒ် ဆက်တိုက် ဆိုးရွားနေမှုနှင့်အတူ သူ့စိတ်ကူးအား ကစားသမားများ ယုံကြည့်လာစေရန် ပိုမိုခက်ခဲလာမည်ဖြစ်ကြောင်းနှင့် အပြောင်းအလဲအချို့ ပြုလုပ်သင့်ကြောင်း အကြံဉာဏ်ပေးထားပါတယ်။

အေမိုရမ်ဟာ ယူနိုက်တက်သို့ ရောက်လာပြီးနောက် ပွဲ ၂၀ ကိုင်တွယ်ရာမှာ ၈ ပွဲ ရှုံးနိမ့်ထားပါတယ်။

ယူနိုက်တက်နှင့် အေမိုရမ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ရလဒ်ဆိုးရွားနေတဲ့ စပါးစ်ကို ရင်ဆိုင်ကစားရပါမယ်။ အန့်ပိုစတီကိုဂလူရဲ့ စပါးစ်မှာလည်း ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်နေရကာ ခါရာဘောင်ဖလား၊ အက်ဖ်အေဖလားမှ ထွက်ခွာထားရပြီး ပရီးမီးယားလိဂ်တွင် ယူနိုက်တက်အောက်မှာ ရပ်တည်နေပါတယ်။