ပွဲ ၂ဝ ကစား ၈ ပွဲထိ ရှုံးထားတဲ့ ၃-၄-၃ ကစားကွက်ကို ပြင်ဖို့ ရှိလား နည်းပြကို ယူနိုက်တက် ကစားသမားများ မေးခွန်းထုတ်
မန်ချက်စတာယူနိုက်တက်အသင်း အဓိက ကစားသမားတွေဟာ နည်းပြအမော်ရင် အနေနဲ့ သူ့နည်းဗျူဟာတွေကို အပြောင်းအလဲလုပ်ဖို့ရှိ၊ မရှိအပေါ် မေးခွန်းထုတ်ခဲ့ကြတယ်လို့ သတင်းထွက်နေပါတယ်။
အသက် ၄၀ အရွယ်ရှိပြီဖြစ်သူ ပေါ်တူဂီလူမျိုးနည်းပြအမော်ရင်ဟာ နိုဝင်ဘာလတုန်းက ယူနိုက်တက်ကို စတင်ကိုင်တွယ်ခဲ့ပြီး အဲဒီအချိန်ကစလို့ ၃-၄-၃ ကစားကွက်တစ်မျိုးတည်းကိုပဲ အဓိကအသုံးပြုနေတာဖြစ်ပါတယ်။
အမော်ရင်လက်ထက်မှာ ယူနိုက်တက်အသင်းအခြေအနေက ပိုဆိုးရွားနေပြီး ပြိုင်ပွဲစုံပွဲ ၂၀ မှာ ၈ ပွဲအထိ ရှုံးနိမ့်ခဲ့သလို ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ်မှာ အဆင့် ၁၃ နေရာသာ ရပ်တည်နေရပါတယ်။
အဲဒီအတွက် ယူနိုက်တက်ကစားသမားတွေဟာ လတ်တလောမှာ ရလဒ်ကောင်းတွေ ပြန်လည်ပိုင်ဆိုင်နိုင်အောင် နည်းစနစ်ပိုင်း အပြောင်းအလဲလုပ်သင့်နေပြီလားဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဗြိတိန်သတင်းစာ ဒေးလီးမေးလ် က ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ကစားသမားတွေဟာ အမော်ရင်အနေနဲ့ အပြောင်းအလဲမလုပ်ဘူးဆိုရင် အသင်းက တိုးတက်မှုမရှိဘဲ ဒီအတိုင်းပဲ ဆက်လက်ရုန်းကန်ရမှာကို စိုးရိမ်နေကြပြီဖြစ်ပါတယ်။
ဒါပေမဲ့ အမော်ရင်ကတော့ သူ့ရဲ့နည်းဗျူဟာတွေကို အပြောင်းအလဲလုပ်သွားမဲ့ အခြေအနေ မရှိပါဘူး။
ဒီဇင်ဘာလအတွင်း နယူးကာဆယ်ကို ၂-၀ ဂိုးနဲ့ရှုံးပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲမှာ အမော်ရင်က “ကျွန်တော်ကတော့ ကိုယ့်စိတ်ကူးအတိုင်းပဲ ဆက်သွားမှာပါ။ အခြေအနေအပေါ် မူတည်ပြီး အပြောင်းအလဲတွေ တစ်ချိန်လုံးလုပ်နေမယ်ဆိုရင် အခုထက်တောင် ပိုဆိုးသွားနိုင်ပါတယ် . . ”
“ကစားသမားတွေအနေနဲ့ အခက်အခဲတွေရှိတာကို ကျွန်တော် နားလည်ပေးလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ကစားဟန်တစ်ခုတည်းနဲ့ ၂ နှစ်လောက် ကစားခဲ့ကြပြီး အခု သူတို့က မတူညီတဲ့ကစားကွက်နဲ့ကစားနေရပါတယ်။ အသင်းကလည်း ရှုံးပွဲတွေ အများကြီးနဲ့ရင်ဆိုင်နေရချိန်မှာ ကစားသမားတွေ ဖိအားများလာပါတယ် . .”
“အဲဒါကို အားလုံးတင်မဟုတ်ဘဲ ကျွန်တော်ကိုယ်တိုင်လည်း ခံစားမိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ့်နည်းစနစ်အတိုင်းပဲ ဆက်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။