ယူနိုက်တက် ဂန္တဝင် ပေါစခိုးလ် နဲ့ တည့် ငြိနေတဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မာတီနက်ဇ်နဲ့ အသင်း ဂန္တဝင် ကွင်းလယ်ဟောင်း ပေါ စခိုးလ် တို့ကတော့ ပွဲ တစ်ပွဲ ဖြစ်နေပြန်ပါပြီ။
ပေါစခိုးလ်က The Overlap Fan Debate အစီအစဉ်မှာ မာတီနက်ဇ် အကြောင်း အရင် ပြောဆို ဝေဖန်ခဲ့တာပါ။
” မာတီနက်ဇ်က fit ဖြစ်နေရင်တောင် ပရီးမီးယားလိဂ် ဖလားရအောင် ကစားနိုင်သည်ထိ လုံလောက် ကောင်းမွန်မှု မရှိပါဘူး။ ” လို့ စခိုးလ်က ဆိုခဲ့တာပါ။ ၎င်းက မာတီနက်ဇ်ကို ယူနိုက်တက် ရောင်းထုတ်သင့်တဲ့ စာရင်းထဲမှာပါ ထည့်သွင်း အကြံပြုခဲ့ပါသေးတယ်။
အာဂျင်တီးနား ဗဟိုခံစစ်သမားဟာ လက်ရှိမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိထားပြီး ရာသီကုန်သည်ထိ အနားယူရဖွယ် ရှိနေပါတယ်။
ပေါစခိုးလ်ရဲ့ ဝေဖန်မှုကို မြင်လိုက်ရတဲ့ အခါမှာတော့ မာတီနက်ဇ်က ဂန္တဝင်သော၊ ဘာသော တွေဝေ မနေဘဲ သူ့ စိတ်ထဲ ရှိတဲ့ အတိုင်း တုန့်ပြန်ခဲ့ပါတယ်။
မာတီနက်ဇ် က ” ဒီလူ ပါးစပ်ပုတ်ကြီးနဲ့ ပြောချက်ကတော့ တကယ် နာကျင်ရတယ်။ သူ့ကိုသာ အာဂျင်တီးနားမှာ ထားရင် (အသက်တောင်) ရှင်မနေလောက်တော့ဘူး။ ” လို့ လူမှုကွန်ယက်မှာ ရေးသားထားခဲ့တာပါ။
ပေါစခိုးလ်ဟာ ယူနိုက်တက် လက်ရှိ အသင်းသား တော်တော်များများကိုလည်း သဘောမကျလှဘဲ အသင်းခံစစ်ပိုင်း ကိုတော့ အတော် ယိုယွင်းနေတာလို့ ထောက်ပြထားပါတယ်။