ယူနိုက်တက် ပရိသ-တ်တွေ တသသ ဖြစ်ပြီး အမ်မိုရင်းပါ နောင်တ ရအောင် လုပ်ပြနေတဲ့ အန်တိုနီ
ရီးရဲလ်ဘက်တစ်အသင်းမှာ အငှားနဲ့ကစားနေတဲ့ ယူနိုက်တက် တောင်ပံတိုက်စစ်ကစားသမား အန်တိုနီကတော့ သူ့ရဲ့ပုံစံကောင်းကို ဆက်လက်ပြသနေပြီး ဂျန့်နဲ့ Conference League အဝေးကွင်းပွဲမှာ အသင်းအတွက် ခြေစွမ်းပြ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဂျန့်ကို ၃-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ဒုတိယပိုင်းစလို့ မိနစ်ပိုင်းအကြာမှာပဲ အန်တိုနီက ပြိုင်ဘက်နောက်ခံလူ ၂ ဦးကို ကျော်ဖြတ်ပြီးတော့ ပယ်နယ်တီဧရိယာထိပ်ကနေ သူ့ပုံစံအတိုင်း ဘယ်ခြေကန်ချက်နဲ့ဝေ့ဝိုက်ကန်သွင်းခဲ့တာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်သူ အန်တိုနီဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း မန်ချက်စတာ ယူနိုက်တက်နေ ဘက်တစ်ကို ၆ လအငှားစာချုပ်နဲ့ရောက်ရှိခဲ့ပြီး ပွဲဦးထွက် ၃ ပွဲစလုံးမှာ မယုံနိုင်လောက်အောင် စွမ်းဆောင်ပြနေပါတယ်။
ဘီလ်ဘာအိုနဲ့ပွဲမှာ ဘက်တစ်အတွက် အန်တိုနီ ပွဲဦးထွက်ခွင့်ရခဲ့ပြီး အစ္စကို အဖွင့်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့သလို အဲဒီပွဲရဲ့ Man of The Match ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အဲဒီနောက် ရက်ပိုင်းအကြာမှာပဲ ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ အန်တိုနီက ဘက်တစ်ကစားသမားဘ၀ ပထမဆုံးဂိုး သွင်းယူခဲ့ပြီး နောက်တစ်ကြိမ် Man of The Match ဆု ရရှိခဲ့ပြန်ပါတယ်။
ဘက်တစ်အသင်းနည်းပြပယ်လီဂရီနီက “အန်တိုနီဟာ နိုင်ပွဲဆာလောင်စိတ်၊ ဆုံးဖြတ်ချက်နဲ့ ရည်မှန်းချက်ကြီးမားသူဖြစ်ပြီး သူ့ကို ကျွန်တော် သဘောကျပါတယ်။ သူက ကျွန်တော်တို့အတွက် ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်လာမှာပါ”လို့ ချီးကျူးခဲ့ပါတယ်။
အခုဆိုရင် အန်တိုနီဟာ ၂၀၂၃ ဇန်နဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ ၂ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ ပြဿနာဖြစ်နေတာက ကစားသမားတွေ မဟုတ်ဘဲ ယူနိုက်တက်အသင်းဖြစ်နေပြီလို့ သုံးသပ်ခဲ့ကြပါတယ်။
ဘက်တစ်အသင်းကတော့ ဆက်တိုက်ခြေစွမ်းပြနေတဲ့ အန်တိုနီကို အပြီးသတ်ခေါ်ယူဖို့ စီစဉ်နေပြီဖြစ်ပါတယ်။
မီဒီယာတွေက အန်တိုနီကို အပြီးသတ်စာချုပ်ဖို့ရှိလားဆိုပြီး မေးမြန်းခဲ့ချိန်မှာ ဘက်တစ်အသင်း အမှုဆောင်ချုပ်ဖြစ်သူ ရာမွန်အယ်လ်လာကွန်က “ဟုတ်ကဲ့ . .ကျွန်တော်လည်း အဲဒီလိုပဲ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့နဲ့ ယူနိုက်တက်အသင်းကြားမှာ ဆက်ဆံရေးကောင်းရှိသလို အန်တိုနီကလည်း ဒီမှာ ပျော်ရွှင်နေပါပြီ။ နောက်ရာသီအထိ အသင်းမှာ အန်တိုနီ ဆက်ကစားသွားဖို့ရှိသလားလို့မေးရင် ဘာကြောင့်မဖြစ်နိုင်ရမှာလဲလို့ပဲ ပြန်ဖြေရမှာပါ” ဆိုပြီး ပြောကြားခဲ့ပါတယ်။