မန်ချက်စတာ ယူနိုက်တက် အမှတ် ရနိုင်စရာ တစ်ပွဲသာ မြင်မိတယ် ဆိုတဲ့ ရီယို ဖာဒီနန် သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက်ရဲ့ လာမယ့် ပွဲစဉ်တွေ ကြည့်လိုက်ရာမှာ ယူနိုက်တက်တို့ သေချာပေါက် အမှတ်ရနိုင်တဲ့ ပွဲတောင် တစ်ပွဲသာ မြင်တယ်လို့ သရဲနီဟောင်းကြီး ရီယို ဖာဒီနန် က သုံးသပ်လိုက်ပါတယ်။

ထိုပွဲမှာတောင် ယူနိုက်တက် နိုင်မယ် မဆိုလိုဘဲ သရေနဲ့ပဲ ဖြစ်ဖြစ် အမှတ်ရနိုင်တယ်လို့သာ ဖာဒီနန်က ဆိုလိုတာပါ။

” မန်ချက်စတာ ယူနိုက်တက်ကတော့ တကယ်ကြီးကို ရုန်းကန်နေရတော့တာပဲ။ ဝုဗ်နဲ့ ဝက်စ်ဟမ်းတို့ ခံနေလို့သာ ကျွန်တော်တို့ အသင်းက တန်းဆင်းဇုန်ထဲ မရောက်နေတာ.. အခြေအနေ ဘယ်လောက် နီးနေပြီလဲ သိကြပြီမလား ?

တစုံတယောက်က ပြောတာ ကြားမိတယ်။ ယူနိုက်တက် ပရီးမီးယားလိဂ်မှာ ဆက်လက် တင်ကျန်ဖို့ ၁၁ မှတ်သာ လိုတယ်တဲ့။ ကျွန်တော် အဲဒါကို စပြီး စဉ်းစားလာမိပြီ။ လာမယ့်ပွဲတွေကို ကြည့်ပြီး ယူနိုက်တက် ဘယ်ပွဲတွေက အမှတ်ရနိုင်မလဲ ကြည့်ရအောင်ဗျာ..

အဲဗာတန် အဝေး၊ အစ်ဆွစ်ချ် အိမ်ကွင်း၊ အာဆင်နယ်နဲ့ ဖောရက်စ် အဝေး၊ မန်စီးတီး၊ ကာဆယ် အဝေး၊ ဝုဗ်၊ ဘရန့်ဖို့ဒ်၊ ဘရိုက်တန်၊ ချယ်ဆီး၊ အက်စတွန်ဗီလာ၊ လက်စတာ..

အဲဒီပွဲတွေထဲမှာ အမှတ် ရနိုင်ခြေ ရှိတာ ဆိုလို့ … ကျွန်တော် အနိုင်ရမယ် မပြောဘူးနော်၊ အမှတ်ရမယ်ပဲ ပြောတာ.. အဲဒါကလက်စတာနဲ့ ပွဲပဲ။

ဒီရာသီ ကျွန်တော်တို့ လက်စတာနဲ့ အကြိမ်ရေ တချို့ တွေ့ပြီးပြီ၊ ရလဒ်ကောင်းတွေ ရထားတော့ သူတို့ အနေအထားကိုတော့ သိနေပြီ ပြောရမယ်။

ပုံမှန်ဆို ပွဲစဉ်တွေ ကြည့်လိုက်တာနဲ့ ဘယ်ပွဲတွေက အမှတ်ရနိုင်တယ် ပြောလို့ရတယ်။ အခုကတော့ ကျွန်တော် ပွဲတွေ ကြည့်မိတာတောင် ဘယ်ပွဲနိုင်လောက်လဲ ခေါင်းထဲက တန်းစီ ထွက်မလာတော့ဘူး။ ဒါက ပြဿနာပဲ.. ” လို့ ဖာဒီနန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ် ၂၅ ပွဲ ကစားပြီးချိန်မှာ အဆင့် ၁၅ သို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။