စပို့တင်း သန်း ၅ဝ တောင်းဆိုနေတဲ့ ဆယ်ကျော်သက်လေးကို ယူနိုက်တက် ခေါ်ယူဖို့ သဘောတူညီမှု ရရှိ
မန်ချက်စတာ ယူနိုက်တက်ဟာ စပို့တင်းလစ္စဘွန်းဘက်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ အထိ တောင်းဆိုထားတဲ့ လူငယ်ပါရမီရှင် ဂျီယိုဗာနီကွန်ဒါကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။
အသက် ၁၇ နှစ်ရှိ ကွန်ဒါဟာ ညာတောင်ပံကစားသမားဖြစ်သော်လည်းကောင်း ညာတောင်ပံခံစစ်သမား အဖြစ်သော်လည်းကောင်း ကစားနိုင်သူ ဖြစ်ပြီး လက်ရှိ ယူနိုက်တက်နည်းပြရူဘင်အေမိုရမ် လက်ထက်တွင် စပို့တင်းလစ္စဘွန်းမှာ နေရာရလာသူ ဖြစ်ပါတယ်။
တောင်ပံခံစစ်သမားဟာ ယခုရာသီမှာ စပို့တင်းလစ္စဘွန်းအတွက် ၃၇ ပွဲကစားထားရာမှာ ၂ ဂိုးသွင်းထားပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်တွင် ဘင်ဖီကာမှ စပို့တင်းသို့ ပြောင်းလာသူ ဖြစ်ပြီး ဥရောပရဲ့ အလားအလာအကောင်းဆုံးလူငယ်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပါ။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက ကွန်ဒါကို ခေါ်ယူရေး လုပ်ဆောင်လာတာဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်မဲ့ လာမယ့် ဧပြီလနှောင်းပိုင်းတွင် ခေါ်ဆောင်လာမှာလည်း ဖြစ်ပါတယ်။
အေမိုရမ်ဟာ ၃-၄-၃ ကစားကွက်တွင် အံဝင်မဲ့ ကစားသမားသစ်များကို ခေါ်ယူရန် စီစဉ်ထားပြီး ဇန်နဝါရီလတုန်းက ဘယ်တောင်ပံခံစစ်သမားပက်ထရစ်ဒေါ်ဂူအား လက်ချီမှ ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။
ယခုအခါ ယူနိုက်တက်ဟာ ကွန်ဒါကို ခေါ်ယူရေး ကစားသမားနှင့် နှုတ်ဖြင့် သဘောတူညီမှု ရသွားပြီ ဖြစ်ပါတယ်။
ကွန်ဒါဟာ စပို့တင်းလစ္စဘွန်းနှင့် စာချုပ်အတွင်းတွင် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၀၀ ပေးရမဲ့အချက်ကို ထည့်သွင်းချုပ်ဆိုထားသူ ဖြစ်ပြီး ကလပ်ဘက်က အနည်းဆုံးပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ရရှိလိုနေပါတယ်။