ပွဲပြီးခါနီး ပင်နယ်တီက အဲဗာတန် ရသင့်ပါတယ် ဆိုတဲ့ ရီယို ဖာဒီနန် ရဲ့ သုံးသပ်မှု
ဒီည ဂွတ်ဒီဆင်ပါ့ခ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ အဲဗာတန် အသင်းတို့ ပွဲကတော့ ပြောစရာတွေ တသီကြီးနဲ့ အတူ ၂-၂ သရေ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။
ပွဲချိန် မိနစ် ၇ဝ အထိ ယူနိုက်တက်ဟာ ဂိုးပေါက် ကန်ချက် မရှိဘဲ ရုန်းကန်နေခဲ့ရပြီး လူစားလဲ မှန်ကန်မှုနဲ့ အတူ ပွဲပြီးခါနီး ၁၅ မိနစ်မှာ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။
အိမ်ရှင် အဲဗာတန်ကလည်း ပွဲချိန် မိနစ် ၉ဝ မှာ အက်ရှ်လေယန်းကို မက်ဂွဲရားနဲ့ ဒီလစ်တို့ လှမ်းတားလိုက်တဲ့ ဖြစ်ရပ်ကြောင့် ပင်နယ်တီ ရမလို ဖြစ်ခဲ့ပေမယ့် VAR ပြန်ကြည့်ကာ ပင်နယ်တီ ပယ်ဖျက်ခံခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ကတော့ ဒီဖြစ်ရပ်မှာ မက်ဂွဲရားက ပြိုင်ဘက် ထိခိုက်အောင် တမင်အားသုံးခဲ့တာမျိုး မရှိလို့ ဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။
သရဲနီဟောင်းကြီး ရီယို ဖာဒီနန်ကတော့ ဒီဖြစ်ရပ်မှာ အဲဗာတန် ပင်နယ်တီ မရလို့ အတော် အံ့သြသွားရကြောင်း ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။
” VAR ဝင်ပါလာတော့ ကျွန်တော် အတော် စိတ်ပျက်သွားတယ်၊ ပင်နယ်တီ မပေးတဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် အတော် အံ့သြမိပါတယ်။ သူတို့ချင်း ထိမိသွားခဲ့တယ်လေ။
တဖက်လူကို ကိုယ့်လက်နဲ့ သွားထိလိုက်ပြီ ဆိုတည်းက ဒိုင်လူကြီး က ဆုံးဖြတ်ပိုင်ခွင့် ရှိနေတာကို..။ ” လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ကလည်း နောက်ဆုံးမိနစ်မှာ ထောင့်ကန်ဘော ကန်ခွင့် ရသေးပေမယ့် ဒိုင်လူကြီးက ပွဲကိုခရာမှုတ်ကာ အဆုံးသတ်လိုက်တာကြောင့် မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။