ဝန်ထမ်း ၂ဝဝ ထပ်ဖြုတ်ပြီး ကန်တင်း ပိတ်သိမ်း၊ နေ့လည်စာ လျှော့ပစ်တဲ့ အစီအစဉ်သစ်တွေ ဆာဂျမ်ရက်ကလစ်ဖ် စတင် လုပ်ဆောင်

မန်ချက်စတာ ယူနိုက်တက်က ဆာဂျမ်ရက်ကလစ်ဖ်နှင့် Ineos ရောက်လာပြီးနောက် အသုံးစရိတ်လျှော့ချမှု ဒုတိယလှိုင်းအဖြစ် ဝန်ထမ်း ၂၀၀ ကျော်တို့ကို လျှော့ချသွားမည်ဖြစ်ကြောင်း အတည်ပြု ကြေညာလာပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အသုံးစရိတ်လျှော့ချမှု ပထမလှိုင်းအနေဖြင့် ဝန်ထမ်း ၂၅၀ တို့ကို လျှော့ချခဲ့ပါတယ်။

ယခု ယူနိုက်တက်ဟာ အသုံးစရိတ်လျှော့ချမှုအနေဖြင့် ဝန်ထမ်း ၁၅၀ မှ ၂၀၀ အတွင်း ထပ်မံလျှော့ချသွားဦးမှာ ဖြစ်ကြောင်း ကြေညာလာပါတယ်။

ယူနိုက်တက်က ၂၀၁၉ ခုနှစ်နောက်ပိုင်း ၅ နှစ်ဆက်တိုက် အရှုံးနှင့် ကြုံရပြီးနောက် အမြတ်ပြန်လည် ရရှိလာရေး အပြောင်းအလဲ စီမံကိန်းအစိတ်အပိုင်းတစ်ရပ်အဖြစ် ဝန်ထမ်းလျှော့ချလာတာ ဖြစ်ကြောင်း ဆိုထားပါတယ်။

ယူနိုက်တက်ဟာ ဝန်ထမ်းလျှော့ချတဲ့အပြင် အိုးထရက်ဖို့ဒ်က အစားအသောက် ကန်တင်းကို ပိတ်သိမ်းလိုက်ကာ ကာရင်တန်မှာလည်း နေ့လည်စာ အဖြစ် bread & soup သာ ကျွေးတဲ့ အစီအစဉ် ပြောင်းလဲ လျှော့ချကာ တစ်နှစ်လျှင် ဒေါ်လာ ၁ သန်းအထိ ချွေတာမှု ပြုလုပ်ထားပါတယ်။

ယူနိုက်တက်ဟာ ခရစ္စမတ်ကာလတုန်းကလည်း ဝန်ထမ်းများအား နှစ်စဉ် ပေးနေကြ အပိုဆုကြေးပေါင် ၁၀၀ မပေးဘဲ ပေါင် ၄၀ ဖိုးဈေးဝယ်နိုင်မဲ့ ဈေးဝယ်ဘောင်ချာသာ ပေးခဲ့ပါတယ်။

ဒါ့အပြင် ၎င်းတို့ဟာ ဆာအဲလက်စ်ဖာဂူဆန်ကို ကလပ်သံတမန်ရာထူးမှ ထုတ်ပယ်ခြင်း၊ ကစားသမားဟောင်းများအား ပြန်လည်ထူထောင်ရေးလှူဒါန်းမှုအား ရပ်ဆိုင်းခြင်းတို့ ပြုလုပ်ထားသလို ဝင်ငွေမြင့်မားလာရေးအတွက် လက်မှတ်ဈေးနှုန်းအား တိုးမြှင့်ထားပါတယ်။