ဈေးကြီးပေးထားရတဲ့ မန်ယူအသင်းသား တစ်ဦးကို နည်းပြအဖွဲ့ဝင်တွေ စိတ်ပျက်နေကြောင်း သတင်းထွက်လာ

မန်ချက်စတာ ယူနိုက်တက် နည်းပြအဖွဲ့ဝင်တွေဟာ ပေါင် ၇၂ သန်းတန် တိုက်စစ်မှူးဟွိုင်လန်းရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ပျက်နေကြတယ်လို့ သတင်းထွက်လာပါတယ်။

၂၀၂၃ ခုနှစ်က အတ္တလန်တာကနေ ယူနိုက်တက်ကို ရောက်ရှိခဲ့သူ ဟွိုင်လန်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၁ ပွဲကစားပြီးချိန်အထိ ၂ ဂိုးသာ သွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ ကြိမ်မှ မလုပ်နိုင်ခဲ့ပါဘူး။

ဒီရာသီအစကမှ ယူနိုက်တက်ကနေ ဝက်စ်ဟမ်းထံ ပေါင် ၁၅ သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ ဘစ်ဆာကာကတောင် ဟွိုင်လန်းထက် တိုက်စစ်စွမ်းဆောင်ရည် ပိုကောင်းနေပြီး ၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

အခုဆိုရင် ဟွိုင်လန်း ဂိုးမသွင်းနိုင်တဲ့ပွဲအရေအတွက်က ၁၆ ပွဲအထိရှိလာပြီဖြစ်သလို ယူနိုက်တက်နည်းပြအဖွဲ့ဝင်တွေဟာ ဟွိုင်လန်းရဲ့စွမ်းဆောင်ရည်အပေါ် စိတ်ပျက်နေကြပြီလို့ မန်ချက်စတာ ညနေခင်း သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဟွိုင်လန်းရဲ့ခြေစွမ်းကို ယူနိုက်တက်နည်းပြတွေ စိတ်ပျက်စေခဲ့တဲ့ ပွဲတွေထဲက တစ်ပွဲကတော့ မကြာသေးခင်က စပါးအသင်းကို ၁-၀ ဂိုးနဲ့ရှုံးတဲ့ပွဲမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့စနေနေ့က အဲဗာတန်နဲ့ ၂-၂ ဂိုးစီသရေကျတဲ့ပွဲမှာလည်း ယူနိုက်တက်နည်းပြအမော်ရင်ဟာ ဒုတိယပိုင်းပွဲကစားချိန်အတွင်း ဟွိုင်လန်းနေရာမှာ အသက် ၁၇ နှစ်သာရှိသေးတဲ့ လူငယ်တိုက်စစ်မှူး ချီဒိုအိုဘီကို လူစားဝင်ကစားစေခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေဟာ ဟွိုင်လန်းထက် ချီဒိုအိုဘီရဲ့ခြေစွမ်းကို ပိုသဘောကျခဲ့ပါတယ်။

ဒါ့အပြင် ဟွိုင်လန်းကို လူစားလဲချိန်မှာ ယူနိုက်တက် ပရိသတ်တွေရှိတဲ့ ပွဲကြည့်စင်ဘက်ခြမ်းက ဝမ်းသာအားရ အော်ဟစ် အားပေးခဲ့ပါတယ်။

နည်းပြဟောင်း အဲရစ်တန်ဟက်လက်ထက်မှာ ယူနိုက်တက်ကို ရောက်ရှိခဲ့သူ ဟွိုင်လန်းဟာ ပွဲဦးထွက်ရာသီမှာ ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမဲ့ ဒီရာသီမှာတော့ ပြိုင်ပွဲစုံမှာ ၇ ဂိုးသာ သွင်းယူခဲ့ပါတယ်။