ဘောလုံးရာသီ ပြီးရင် မနားဘဲ အာရှဘက် ထွက်ကာ ခြေစမ်းပွဲ ၂ ပွဲ ကစား ငွေရှာထွက်ဖို့ မန်ယူအသင်း စီစဉ်

မန်ချက်စတာ ယူနိုက်တက်ဟာ မေလတွင် ပရီးမီးယားလိဂ်ရာသီကုန်ဆုံးပြီးပါက ကစားသမားတွေကို အနားမပေးသေးဘဲ ချက်ချင်းပင် အာရှဘက် မလေးရှားနှင့် ဟောင်ကောင်သို့ သွားရောက်ကာ ရာသီကြိုခြေစမ်းပွဲ ၂ ပွဲကစား ငွေရှာရန် စီစဉ်ထားပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက စပါးစ်၊ နယူးကာဆယ်တို့ဟာ ရာသီသိမ်း ခရီးစဉ် သွားရောက်ကာ ခြေစမ်းပွဲများကစားကာ ငွေရှာခဲ့ကြဖူးပါတယ်။

ကစားသမားများဟာ ဖီဖာက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပလာမှု၊ ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်ပြိုင်ပွဲမှ ပွဲအရေ အတွက် တိုးမြှင့်လာမှုအတွက် ပွဲပန်းမှုများ ကြုံရကာ ဝေဖန်မှုများ ရှိနေခဲ့ပါတယ်။

တဖက်တွင် အက်ဖ်အေဟာ ပွဲအရေအတွက် လျှော့ချနိုင်ရန်အတွက် အက်ဖ်အေဖလားပြန်ကန်ပွဲကို လျှော့ကာ ကစားသမားများ ပွဲမပန်းရေး ကြိုးပမ်းနေပါတယ်။

ယင်းသို့အချိန်တွင် အလုပ်သမား ၂၀၀ အထိ ထပ်မံလျှော့ချကာ အသုံးစရိတ် လျှော့ချနေတဲ့ ယူနိုက်တက်ဟာ အသင်းရဲ့ ဝင်ငွေ တိုးပွားလာရေးအတွက် ရာသီသိမ်း ခြေစမ်းပွဲ ကစားရန် စီစဉ်လာပါတယ်။

ယူနိုက်တက်ဟာ ကော်မာရှယ်ဝင်ငွေနှင့် ရုပ်သံလွှင့်ခဝင်ငွေ တိုးမြှင့် ရရှိနေပေမဲ့လည်း ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ ပေါင် သန်း ၃၀၀ ကျော်အထိ အရှုံးပေါ်ထားပါတယ်။

အင်္ဂါနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာတော့ ယူနိုက်တက်နည်းပြရူဘင်အေမိုရမ်က အသင်းရဲ့ ဝင်ငွေမှာ ကစားသမားများရဲ့ စွမ်းဆောင်ရည်အပေါ်တွင် မူတည်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရာသီသိမ်းချိန်တွင် အာရှသို့ သွားရောက်ကာ ရာသီပြီး ခြေစမ်းပွဲ ၂ ပွဲကစားလာမှာ ဖြစ်ပြီး ရာသီမစတင်မီ အချိန်တွင်လည်း အမေရိကန်သို့ သွားရောက်ကာ ခြေစမ်းပွဲများ ကစားလာဖို့ ရှိပါတယ်။ ဒီနှစ်ပွဲကနေ ဝင်ငွေ ပေါင် ၁ဝ သန်း ရရှိမယ်လို့ ခန့်မှန်းရပါတယ်။

ယူနိုက်တက်ဟာ မလေးရှားတွင် ပရိသတ်အခိုင်မာရှိတဲ့ကလပ်တစ်ခု ဖြစ်ပြီး Malaysia Airlines မှာ ကလပ်ရဲ့ အဓိကစပွန်ဆာများထဲမှ တစ်ခု ဖြစ်ပါတယ်။

၎င်းတို့ဟာ နောက်ဆုံးအကြိမ် မလေးရှားသို့ ခြေစမ်းပွဲ သွားကစားခဲ့တာ ၂၀၀၉ ခုနှစ်တုန်းက ဖြစ်ပါတယ်။ ယူနိုက်တက်တို့ ဟောင်ကောင်သို့ နောက်ဆုံးအကြိမ် သွားကစားခဲ့တာ ၂၀၁၃ ခုနှစ်တုန်းက ဖြစ်ပါတယ်။