ဆယ်ယောက်တည်းနဲ့ ယှဉ်ခဲ့ရပေမယ့် အစ်ဝစ်ချ်ကို ရအောင် အနိုင်ကန်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ အစ်ဝှစ်ချ်တို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက တစ်ယောက်လျော့ ၁ဝ ယောက်တည်းနဲ့ ဒုတိယပိုင်း တစ်ပိုင်းလုံး ကစားကာ အစ်ဝှစ်ချ်ကို ၃-၂ နဲ့ အနိုင်ရခဲ့ပါတယ်။

ရလဒ်တွေ ဆိုးဝါးနေတဲ့ မန်ယူအသင်းဟာ ယခုတစ်ခေါက်ပွဲကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတာ ဖြစ်ပြီး ထုံးစံအတိုင်း ပထမပိုင်း အထနှေးမှု ပြဿနာတွေနဲ့ ပွဲကို စတင်ခဲ့ရပါတယ်။

မန်ယူအသင်း တိုက်စစ်ပိုင်းကို ဟော့ဂျ်လန်း၊ ဂနာချို နဲ့ ဇာ့ခ်ဇီတို့သာ ဆက်လက် ဉီးဆောင်လာခဲ့ပြီး ဖာနန်ဒက်စ်၊အူဂတ်တီ၊ ဒါလော့ဒ်၊ ဒေါဂု၊ မက်ဂွိုင်းယား၊ ဒီလစ်ဂျ်၊ယိုရို စတဲ့ ကစားသမားတွေကို အမိုရင် ပွဲထုတ်သွားခဲ့ပါတယ်။

အစ်ဝှစ်ချ်ကတော့ အိုးထရတ်ဖို့ဒ်ကွင်းကို ရှိန်နေခြင်း မရှိခဲ့ပဲ ပွဲအစကတည်းက ရဲရဲတင်းတင်း ကစားသွားခဲ့ပြီး ပွဲအစ ၄ မိနစ်မှာတင် အဖွင့်ဂိုး စတင် သွင်းယူသွားနိုင်ခဲ့ပါတယ်။

အဖွင့်ဂိုးပေးလိုက်ရပေမယ့် မန်ယူအသင်းကတော့ ပွဲကစားချိန် မိနစ် ၂၀ ကျော်မှာ ပြိုင်ဘက်ရဲ့ OG သွင်းဂိုးအပါအဝင် ဒီလစ်ဂျ်ရဲ့ ဂိုးတွေနဲ့ ၂-၁ ပြန်လည် ဉီးဆောင်နိုင်ခဲ့ပြန်ပါတယ်။

ပွဲကစားချိန် ၄၃ မိနစ်မှာ ယခုပွဲခြေပြန်တွေ့လာတဲ့ ဒေါဂု အနီကဒ်ပြ အထုတ်ခံခဲ့ရပြီး ပထမပိုင်း အချိန်ပိုမှာ အစ်ဝှစ်ချ်တို့ နောက်ထပ် ချေပဂိုးထပ်သွင်းလိုက်တာကြောင့် ၂-၂ နဲ့ အဆုံးသတ်ခဲ့ရပါတယ်။

ဒုတိယပိုင်းအစမှာတော့ မက်ဂွိုင်းယားက မန်ယူအသင်းအတွက် အဖိုးတန် အနိုင်ဂိုးထပ်မံသွင်းယူသွားခဲ့တာကြောင့် မန်ယူအသင်းက ၃-၂ နဲ့ ပွဲကို ဆက်လက် ဉီးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပြီး ပြိုင်ဘက်အသင်းက မန်ယူအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ပွဲပြီးချိန်အထိ ၃-၂ ဆိုတဲ့ ရလဒ်ကို မန်ယူတို့ ဆက်ထိမ်းနိုင်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ပထမပိုင်းမှာကတည်းက တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာကြောင့် ပြိုင်ဘက်အသင်းက ပိုမို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ယူနိုက်တက်က အဖိုးတန် အနိုင် သုံးမှတ် စုဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။