ဒီနေ့ခေတ် ကစားသမားတွေက ဝေဖန်မှုကို မခံနိုင်ဘဲ သူတို့လို အရေမထူကြဘူး ဆိုတဲ့ အဲရစ်တန်ဟက် စကား

မန်ချက်စတာ ယူနိုက်တက်နည်းပြဟောင်း အဲရစ်တန်ဟက်က မျက်မှောက်ကစားသမားများမှာ ဝေဖန်မှုဒဏ် မခံနိုင်ကြောင်းနှင့် သူတို့ ခေတ်က ကစားသမားများမှာ ပိုမိုအရေထူကြောင်း ပြောကြားလာပါတယ်။

အသက် ၅၅ နှစ်ရှိ ဒတ်ချ်လူမျိုးနည်းပြဟာ ယူနိုက်တက်နှင့် စာချုပ်သစ်ချုပ်ဆိုပြီး ၃ လအကြာ‌ အောက်တိုဘာလတုန်းက ထုတ်ပယ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်ကို ကိုင်တွယ်စဉ်အတွင်း ကစားသမားများနှင့် ပြဿနာတက်မှုအပါအဝင် ပြဿနာများစွာ ကြုံခဲ့ရပါတယ်။

အဲရစ်တန်ဟက်က “ဒီ မျိုးဆက်က ဝေဖန်မှုကို ကိုင်တွယ်ဖို့ ခက်ခက်ခဲခဲ ရုန်းရတယ်။ ဝေဖန်မှုတွေက သူတို့အတွက် ကိုင်တွယ်ဖို့ ခက်တယ်။ ကျုပ်ကြီးပြင်းခဲ့တဲ့ မျိုးဆက်ကတော့ အရေထူတယ်။ တိုက်ရိုက်ပဲ လုပ်ကြတယ်။ ကျုပ်ဆို အကြိမ်များစွာ တိုက်ရိုက်ချဉ်းကပ်ခံရတယ်”လို့ ပြောကြားသွားပါတယ်။

အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ကို ကိုင်တွယ်စဉ်အတွင်း အက်ဖ်အေဖလားနှင့် ခါရာဘောင်ဖလားတို့ ရယူနိုင်ခဲ့ပါတယ်။

သူဟာ ယူနိုက်တက်ကို ကိုင်တွယ်စဉ်အတွင်း ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ပြဿနာတက်ကာ စာချုပ်ဖျက်သိမ်းခဲ့သလို ဆန်ချိုနှင့်လည်း ပြဿနာတက်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ကလပ်ရဲ့ ခွင့်ပြုချက်မယူဘဲ ဘဲလ်ဖတ်စ်သို့ သွားရောက်ခဲ့တဲ့ ရက်ဖို့ဒ်ကို ပထမအသင်းမှ ချန်လှပ်ကာ အရေးယူခဲ့ဖူးပါတယ်။

ဆက်လက်ပြီး အဲရစ်တန်ဟက်က “လက်ရှိ မျိုးဆက်ကစားသမားတွေနဲ့ အလုပ်လုပ်တဲ့အခါ ကွဲပြားတဲ့ စကားလုံး၊ ကွဲပြားတဲ့ ချဉ်းကပ်မှု လုပ်ရတယ်။ ဖာဂူဆန်(ဆာအဲလက်စ်)က ယခင်မျိုးဆက်နဲ့ပဲ သက်ဆိုင်တယ်။ အဲဒီမျိုးဆက်နဲ့ဆို တိုက်ရိုက် ချဉ်းကပ်ပြီး ဆက်သွယ်ရတယ်။ အခု မျိုးဆက်ကစားသမားကို ဒီလို သွားချဉ်းကပ်ရင် လှောင်ပြောင်သလို ခံစားရစေတယ်”လို့ ဆိုသွားပါတယ်။

ဒါ့အပြင် အဲရစ်တန်ဟက်က ရာသီအကုန်အထိ ဘောလုံးလောကသို့ ဝင်ရောက်မှာ မဟုတ်ကြောင်း ဆိုသွားပါတယ်။