ဗီလာ ရောက်ပြီးနောက် အနာဂတ်နဲ့ပတ်သက်ပြီး ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပြီဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်
အက်စတွန်ဗီလာအသင်း မှာ အငှားထွက် ကစားနေတဲ့ ယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ နည်းပြအူနိုင်းအမ်မရီ လက်အောက်မှာ ကစားရတာကို နှစ်သက် သဘောကျနေပြီဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ နည်းပြအမော်ရင်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ပြီးတဲ့နောက် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အက်စတွန်ဗီလာအသင်းကို အငှားနဲ့ရောက်ရှိခဲ့ပြီး ခြေစွမ်းပြကစားနေပါတယ်။
ယူနိုက်တက်အသင်းမှာတုန်းက ရပ်ရှ်ဖို့ဒ်ဟာ ဒီဇင်ဘာ ၁၂ ရက်ကတည်းက ပွဲကစားခွင့်မရတာကြောင့် သူ့ကို အငှားခေါ်ခဲ့ချိန်မှာ ပရိသတ်တွေအတွက် မေးခွန်းထုတ်ချင်စရာဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အက်စတွန်ဗီလာအသင်းမှာ ရပ်ရှ်ဖို့ဒ်က လူသစ်တစ်ယောက်လို ပြန်လည်မွေးဖွားခဲ့ပြီး ၅ ပွဲကစား၊ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ခဲ့သလို အက်စတွန်ဗီလာအသင်းအတွက် သူရဲကောင်းသစ်တစ်ဦးဖြစ်နေပါပြီ။
အူနိုင်းအမ်မရီက “ရပ်ရှ်ဖို့ဒ်ကို ကျွန်တော် အားပေးကူညီသွားချင်ပါတယ်။ ဒီအသင်းမှာ သူ နေရတာ အဆင်ပြေအောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်၊ အခုထက် ပိုခြေစွမ်းပြနိုင်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အခုအချိန်မှာတော့ ရပ်ရှ်ဖို့ဒ်ဟာ အူနိုင်းအမ်မရီနဲ့ ဆက်လက်,လက်တွဲပြီး အက်စတွန်ဗီလာအသင်းကို အပြီးသတ်ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေတယ်လို့ ဗြိတိန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်က အူနိုင်းအမ်မရီလက်အောက်မှာ သူ့ကစားသမားဘ၀ ပြန်လည်ရှင်သန်လာတယ်လို့ ခံစားမိပြီး အူနိုင်းအမ်မရီဟာ သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝကို ပြန်အသက်သွင်းပေးနိုင်မယ်ဆိုတာ ယုံကြည်နေတယ်လို့ သူ့သူငယ်ချင်းတွေကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ ၂၀၁၆ ခုနှစ်တုန်းက သြစတြေးလျနဲ့ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းအတွက် ပွဲဦးထွက်ခွင့်ရချိန်ကတည်းက ပုံမှန်ရွေးချယ်ခံခဲ့ရပေမဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာတော့ နည်းပြဟောင်းဆောက်ဂိတ်က သူ့ကို ချန်လှပ်ခဲ့ပါတယ်။
အခု နည်းပြသစ် တူချယ်လ်လက်ထက်မှာ အင်္ဂလန်အသင်းအတွက် ပြန်လည်ရွေးချယ်ခံရအောင် ကြိုးစားမယ်လို့ ရပ်ရှ်ဖို့ဒ်က ဆုံးဖြတ်ချက်အခိုင်အမာ ချမှတ်ထားပြီး လေ့ကျင့်ခန်းအစီအစဉ်မှာ အစွမ်းကုန်ကြိုးစားလေ့ကျင့်နေတာကြောင့် အက်စတွန်ဗီလာအသင်းဖော်တွေနဲ့ အူနိုင်းအမ်မရီတို့တောင် မယုံနိုင်အောင်ဖြစ်ရတယ်လို့လည်း သိရပါတယ်။