မန်ယူအသင်းကို ကြည့်ပြီး ရှက်မိနေတဲ့ အမ်မိုရင်း ဖွင့်ဟလာတဲ့ အိုးထရက်ဖို့ဒ်က အခက်အခဲများ
မန်ချက်စတာ ယူနိုက်တက် နည်းပြ အမ်မိုရင်းကတော့ ကျဆင်းနေတဲ့ သူ့ အသင်းကို ကြည့်ပြီး ရှက်မိတယ်လို့ သရဲနီဟောင်းကြီး ရီယို ဖာဒီနန်နဲ့ TNT Sports မှာ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း ပြောဆို ဖွင့်ချလာပါတယ်။
” လူတွေ ကျွန်တော့်ကို ယုံကြည်မှု ထားတာ ခံစားမိပါတယ်။ တချိန်တည်းမှာပဲ ကျွန်တော်တို့ အသင်းရဲ့ ကွင်းထဲက စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းကို ကြည့်မိရင် ဒါကြောင့်ပဲ ရှက်မိပြန်တယ်။
ယူနိုက်တက်မှာ အခြေအနေ ဒီလောက်ကြီး ဆိုးမယ်လို့ ကျွန်တော် မျှော်လင့် မထားခဲ့မိဘူး။ နည်းပြ တစ်ယောက် အနေနဲ့ အကောင်းမြင်စရာရယ်လို့ မမြင်မိတာ တကယ်ကို ခက်ခဲပါတယ်။ ” လို့ ပေါ်တူဂီသားက ပြောဆိုခဲ့တာပါ။
အိုးထရက်ဖို့ဒ်ကွင်းမှာဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေက ပွဲကစားဖို့ ပို ဖိအားတွေ ဝင်နေတဲ့ အကြောင်းကိုလည်း အမ်မိုရင်းက အခုလို ဆိုပါတယ်။
” တခါတလေ ပွဲထဲမှာ ကစားသမားတွေ အတော်ကြီး စိတ်လှုပ်ရှားနေတာကို ခံစားမိနေတာ ရှိပါတယ်။ ကိစ္စ သေးသေးလေးတွေက အစပေါ့။ သူတို့ ရွေ့လျားတာ။ ပွဲကို ဖတ်တာတွေ .. အထူးသဖြင့် အိုးထရက်ဖို့ဒ်မှာပါ။
တခါတလေ အဝတ်လဲခန်းထဲမှာ ကစားသမားတွေ ပြင်ဆင်နေတာ၊ သွေးပူလေ့ကျင့်ခန်းလုပ်နေတာ၊ ပွဲကစားဖို့ သွားနေတာ ကြည့်ရင် လေးလံထိုင်းမှှိုင်းနေကြတာ တွေ့တယ်။ ဒါမျိုးပုံစံ ပွဲတော်တော်များများမှာ ဖြစ်နေတယ်။
သူတို့ကို ကူညီနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ကွင်းထဲမှာ ဘယ်လိုကစားမယ် ဆိုတဲ့ နည်းလမ်းကို ချပြဖို့ပဲ ရှိတယ်။ ဒါပေမယ့် အဲဒါကို သူတို့ ယုံကြည်ဖို့ လိုတယ်။
အသင်းက ရှုံးနေရင် ခက်ခဲနေရင်တောင် ပြန်လာနိုင်တယ် ဆိုတာ ယုံကြည်ရမယ်။ အတူတကွ လက်တွဲ ရင်ဆိုင်ဖို့ လုပ်ရမယ်။ ဒါက အခက်ခဲဆုံး ကိစ္စလည်း ဖြစ်နေတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ တစ်ဂိုး ပေးလိုက်ရရင် ဒါမှမဟုတ် အခြေအနေ မကောင်းတော့ဘူး ဆိုရင် အသင်းသားတွေက အချင်းချင်း အချိတ်အဆက် မရှိတော့ဘူး၊ လွတ်သွားတော့တာ။ ဒါက နည်းစနစ်ထဲ ဘောလုံး ပိုင်ဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ ဖြစ်နေတာတွေပေါ့။ ” လို့ အမ်မိုရင်းက ရှင်းလင်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။