ဂါနာချို ကိစ္စကို ပါးပါးနပ်နပ် ကိုင်တွယ်လိုက်တဲ့ ယူနိုက်တက် နည်းပြရူဘင်အေမိုရမ်
ယူနိုက်တက် တောင်ပံကစားသမား အလီဂျန်ဒရို ဂါနာချိုမှာ အစ္စဝှစ်ချ်နှင့်ပွဲတွင် လူစားလဲလှယ်ခြင်းခံရပြီးနောက် အဝတ်အစားလဲခန်းသို့ တန်း ဝင်ရောက်ခဲ့တာကြောင့် တစ်သင်းလုံးအား ညစာလိုက်ကျွေးလာမှာ ဖြစ်ကြောင်း နည်းပြရူဘင်အေမိုရမ်က ပြောကြားလာပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ ဗုဒ္ဓဟူးနေ့တုန်းက အစ္စဝှစ်ချ်နှင့်ပွဲရဲ့ ပထမပိုင်းတွင် ပက်ထရစ်ဒေါ်ဂူ အနီကတ်ပြသခြင်းခံရပြီးနောက် နူဆာမာ့ဇ်ရာဝီနှင့် လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
ဂါနာချိုဟာ လူစားလဲလှယ်ခြင်းခံရပြီးနောက် အရန်ခုံသို့ မသွားဘဲ ဥမင်လှိုဏ်ခေါင်းသို့ ဝင်ရောက်ကာ အဝတ်အစားလဲခန်းသို့ ဝင်ရောက်သွားခဲ့ပါတယ်။
ပွဲအပြီးတွင် အေမိုရမ်ဟာ ယင်းလုပ်ရပ်နှင့်ပတ်သက်ပြီး ဂါနာချိုနှင့် စကားပြောခဲ့ပါတယ်။ ဂါနာချိုက ကစားဖော်တွေကို ညစာဝယ်ကျွေးကာ အပြစ်ခံယူလာပါမယ်။
အေမိုရမ်က “နောက်တစ်နေ့ကျတော့ ကျုပ်ရုံးခန်းသို့ သူ ရောက်လာတယ်။ ရယ်စရာပါ။ ကျုပ်လည်း စုံစမ်းစစ်ဆေးမှုတချို့ လုပ်ခဲ့တယ်။ သူက အဝတ်အစားလဲခန်းသို့ ဝင်သွားတယ်ဆိုတာ အဝတ် အရေစိုနေလို့ပါ။ ပွဲကို ကွင်းရဲ့ တစ်နေရာကနေ ကြည့်ခဲ့တယ်။ အရန်ခုံကတော့ မဟုတ်ဘူး။
ပွဲပြီးတဲ့အထိ သူ ရှိနေပါတယ်။ နောက်တော့ အိမ်ပြန်သွားတယ်။ ဒီတော့ ဘာပြဿနာမှ မရှိဘူး။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်က အားလုံးထဲမှာ အရေးအကြီးဆုံးဆိုတာ သူတို့ကို ပြောခဲ့တယ်။ ကလပ်က အရေးအကြီးဆုံးပါ။
ဒီတော့ အပြစ်အနေနဲ့ တစ်သင်းလုံးကို သူ ညစာဝယ်ကျွေးလိမ့်မယ်။ ဒါပဲ။ သူနားလည်ပါတယ်။ သူ လူစားလဲခံရတယ်။ သူကောင်းကောင်းကစားခဲ့တယ်။ ပွဲအခိုက်အတန့်မှာ သူ လူစားလဲခံရတယ်။ ကိုင်တွယ်ဖို့ ခက်ခဲတယ်။
ဒါပေမဲ့ အားလုံးကို ကိုင်တွယ်နိုင်ခဲ့တယ်။ ကျွန်တော်က ကစားသမားတွေကို ပိုကောင်းလာအောင် ကူညီချင်ရုံပါ”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တွင် အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်နှင့် ရင်ဆိုင်ကစားရပါမယ်။
ဆက်လက်ပြီး အေမိုရမ်က ဂါနာချိုမှာ အသေးစားဒဏ်ရာရရှိခဲ့ပေမဲ့လည်း ဖူလ်ဟမ်နှင့်ပွဲတွင် ပါဝင်လာနိုင်ဖို့ ရှိနေကြောင်း ဆိုသွားပါတယ်။