အန်တိုနီကြောင့် ဘက်တစ်က ရီးရဲလ်မက်ဒရစ်ကို အနိုင်ရတာလို့ ချီးကျူးသံတွေ ညံနေခြင်း

ရီးရဲလ် ဘက်တစ်အသင်းဟာ လာလီဂါအိမ်ကွင်းပွဲမှာ ထိပ်သီး ရီးရဲလ် မက်ဒရစ်အသင်းကို ၂-၁ ဂိုးနဲ့အံ့အားသင့်စရာကောင်းအောင် အနိုင်ယူခဲ့ပြီး ပရိသတ်တွေကတော့ အန်တိုနီရဲ့အရှိန်အဝါကြောင့် နိုင်ပွဲရခဲ့တာဖြစ်တယ်လို့ ချီးကျူးနေကြပါတယ်။

ရီးရဲလ် အတွက် အဖွင့်ဂိုးကို ပွဲအစ ၁၀ မိနစ်မှာ ဘရာဟင်ဒီယက်ဇ်က သွင်းယူခဲ့ပေမဲ့လည်း ၃၄ မိနစ်မှာ ကာဒိုဆိုက ချေပဂိုး၊ ၅၄ မိနစ်မှာ ရီးရဲလ် ကစားသမားဟောင်း အစ္စကိုက ပယ်နယ်တီကနေ ဂိုးသွင်းပြီး သူ့အသင်းဟောင်းကို ရှုံးပွဲတွေ့စေခဲ့ပါတယ်။

အန်တိုနီဟာ ဂီတာဖေးကို အနိုင်ရတဲ့ပွဲတုန်းက တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရပေမဲ့လည်း ဘက်တစ်အသင်းက လာလီဂါအဖွဲ့ချုပ်ဆီ အယူခံတင်သွင်းမှု အောင်မြင်ခဲ့တာကြောင့် အခု ရီးယဲလ်နဲ့ပွဲမှာ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဘက်တစ်ကစားသမားဘ၀ လာလီဂါပွဲဦးထွက် ၄ ပွဲဆက်တိုက် သွင်းဂိုး၊ ဂိုးဖန်တီးမှုပြုလုပ်ခဲ့သူ အန်တိုနီဟာ အခုပွဲမှာ သွင်းဂိုး/ဂိုးဖန်တီးမှုမရှိခဲ့ပေမဲ့လည်း ရီးယဲလ်အသင်းကို တစ်ချိန်လုံး ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ ပရိသတ်တွေက ‘အန်တိုနီရဲ့အရှိန်အဝါကြောင့် ဘက်တစ်အသင်း အနိုင်ရခဲ့တာဖြစ်ပါတယ်’၊ ‘အန်တိုနီရဲ့အကျိုးသက်ရောက်မှု တော်တော်ကြီးမားတာပဲ’၊ ‘ဘုရင်ကြီး အန်တိုနီကို ဂုဏ်ပြုပါတယ်’လို့ အွန်လိုင်းမှာ ချီးကျူးရေးသားခဲ့ပါတယ်။

ရီးရဲလ် မက်ဒရစ်နဲ့ပွဲမှာ အန်တိုနီဟာ မိနစ် ၉၀ ပြည့်ပါဝင်ကစားပြီး ဘောလုံးထိချက် ၆၄ ကြိမ်၊ ဘောလုံးပေးပို့မှု ၃၈ ကြိမ်၊ တိကျတဲ့ဘောလုံးပေးပို့မှု ၃၅ ကြိမ်၊ ဂိုးပေါက်ကန်ချက် ၁ ကြိမ်၊ ဖြတ်တင်ဘောပေးပို့မှု ၃ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဘက်တစ်အသင်းဟာ ရီးရဲလ် နဲ့ လာလီဂါပွဲမှာ အဖွင့်ဂိုးပေးပြီးမှ အနိုင်ရခဲ့တာက ၂၁ ရာစုအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၀၈ ဖေဖော်ဝါရီလတုန်းကလည်း အိမ်ကွင်းပွဲမှာပဲ ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ရှုံးပွဲတွေ့ခဲ့တဲ့ ရီးရဲလ် အသင်းကတော့ အဆင့် ၁ နေရာကို အက်သလက်တီကိုအသင်းဆီ ပြန်လွှဲပေးခဲ့ရပြီး အဆင့် ၃ နေရာအထိ ကျဆင်းသွားသလို ဒီည ဆိုစီဒက်နဲ့ပွဲမှာ ဘာစီလိုနာအသင်း အနိုင်ရမယ်ဆိုရင် ၅၇ မှတ်နဲ့ထိပ်ဆုံးနေရာ တက်နိုင်မှာဖြစ်ပါတယ်။