FA လက်ရှိ ချန်ပီယံ ဆိုပေမယ့် ဒီည အိုးထရက်ဖို့ဒ်မှာ မန်ယူအသင်း ဖူလ်ဟမ်ကို ဂိုးပြတ်ရှုံးမယ်လို့ ခရစ်ဆက်တန် ဟောကိန်းထုတ်
ဒီညမှာ မန်ချက်စတာ ယူနိုက်တက်ဟာ ဖူလ်ဟမ်နဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်၊ ကွာတားဖိုင်နယ် ပွဲစဉ် ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။
ပွဲကတော့ ဒီ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ အချိန်၊ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က ယူနိုက်တက်နဲ့ ဖူလ်ဟမ်တို့ ပွဲစဉ်အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ကျွန်တော်တော့ မန်ချက်စတာ ယူနိုက်တက် ဘက်က နေရတာ ငြီးငွေ့လာပါပြီ။ ကြားရက်က သူတို့ အစ်ဝစ်ချ်ကို နိုင်ခဲ့ပေမယ့် အားရဖွယ် အားထုတ်မှု မတွေ့ခဲ့ရပါဘူး။ ဧည့်သည် အသင်းကတောင် အိုးထရက်ဖို့ဒ်မှာ အတော် ကစားနိုင်ခဲ့သေးတယ်။
ဂါနာချို က ပထမပိုင်း ပြီးခဲ့နီး လူစားလဲခံခဲ့ရလို့ စိတ်ပျက်ဟန် ပြသခဲ့တယ်။ ဒါကို အမ်မိုရင်း ဘယ်လို ကိုင်တွယ်မလဲ စိတ်ဝင်စားစရာပါ။ သူ ဂါနာချို ကိုပါ ဖယ်ထုတ်ထားမယ် ဆိုရင် ဒီနှုန်းအတိုင်း ဆိုရင် ယူနိုက်တက် ကစားသမား တဝက်တောင် ကျန်တော့မှာ မဟုတ်ဘူး။
ယူနိုက်တက်ဟာ အက်ဖ်အေဖလား လက်ရှိ ချန်ပီယံပါ။ ဒီရာသီ ဖူလ်ဟမ်ကို အိမ်ကွင်းရော အဝေးကွင်းပါလည်း နိုင်ထားတယ်။ ဒါပေမယ့် အားရစရာမရှိခဲ့ပါဘူး၊ ဒါကြောင့် အဲဒါကို ထည့်မတွက်တော့ဘူး။
နည်းပြ အမ်မိုရင်းက သဘောကျစရာပါ။ သူ ကြီးလေးတဲ့ တာဝန်တွေ ထမ်းထားရတာကြောင့် စာနာမိပါတယ်။ ဒါပေမယ့် သူတို့ အသင်းကို ကြည့်ရတာ ဒီပွဲ နိုင်မယ်လို့ ထောက်ခံစရာ မရှိဘူး ဖြစ်နေတယ်။
များသော အားဖြင့် ကျွန်တော် ဖူလ်ဟမ်ပွဲတွေဆို မှားတတ်ပါတယ်။ ဒီတခါတော့ သူတို့ဘက်က အပြည့်အဝ ရပ်တည်မယ်။ ၁ဝဝ % အနိုင်ပါ။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ဝ-၃ ဖူလ်ဟမ် ဖြစ်ပါတယ်။