ပယ်နယ်တီမှာ ဖူလ်ဟမ်ကို အရေးနိမ့်ပြီး အက်ဖ်အေက ထွက်ခဲ့ရပြီ ဖြစ်တဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် ဟာ ညက ဖူလ်ဟမ်နဲ့ ပွဲမှာ သာမန်ပွဲကစားချိန်အတွင်း ဂိုးသွင်းခွင့်တွေ ဖြုန်းတီးခဲ့တဲ့ ယူနိုက်တက်တို့ ပေးဆပ်မှု ကြီးမားသွားပါတယ်။
နည်းပြ အမော်ရင်ကတော့ အခုအချိန်အထိ တည်ငြိမ်တဲ့ ပွဲထွက်ကစားသမား ၁၁ ယောက်စာရင်းကို မရှာတွေ့သေးဘဲ တစ်ပွဲကို တစ်မျိုးဆိုသလို သုံးနေရပါတယ်။
အခုပွဲမှာလည်း အမော်ရင်က အဲရစ်ဆင်ကို တိုက်စစ်မှာ ဟွိုင်လန်း၊ ဇာ့ခ်ဇီတို့နဲ့ တွဲဖက်အသုံးပြုခဲ့ပြီး အဲရစ်ဆင်ရဲ့အသက်အရွယ်အရ Left No 10 Role နေရာက ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။
ဟွိုင်လန်းကတော့ ကွင်းထဲမှာ လျှောက်ပြေးနေတာကလွဲလို့ အသင်းဖော်တွေနဲ့ ချိတ်ဆက်နိုင်မှု အားနည်းခဲ့ပြီး အခုနောက်ပိုင်းပွဲတွေမှာ ဇာ့ခ်ဇီရဲ့ ကြိုးစားထုတ်မှုနဲ့ တိုးအား၊ ရုန်းအားတွေ ပိုကောင်းလာတာကို တွေ့ရပါတယ်။
ဒါပေမဲ့ ပယ်နယ်တီအဆုံးအဖြတ်မှာတော့ ဇာ့ခ်ဇီက တရားခံဖြစ်ခဲ့ပြီး သူ့ရဲ့ကန်ချက်ကို ဖူလ်ဟမ် ဂိုးသမား လေနို ကာကွယ်နိုင်ခဲ့လို့ ကံဆိုးခဲ့ပါတယ်။
ယူနိုက်တက်ခြေစွမ်းက အိမ်ကွင်း၊ အဝေးကွင်းမရွေး အလွဲလွဲ အချော်ချော်ဖြစ်လေ့ရှိတဲ့အတိုင်းပဲ အခုပွဲမှာလည်း ဘယ်လိုကစားကွက်နဲ့ကစားနေမှန်း မသိအောင်ဖြစ်ခဲ့ပြီး ဖူလ်ဟမ်ရဲ့အပိုင်ဂိုးကန်ချက်တွေကို အိုနာနာ လက်စွမ်းပြကာကွယ်နိုင်လို့သာ ပွဲချိန်အတွင်း ရှုံးပွဲမတွေ့ခဲ့တာပါ။
ပထမပိုင်းပြီးခါနီးမှာ ထောင့်ကန်ဘောကနေ မူနစ်ဇ် လမ်းကြောင်းပြောင်းချပေးလိုက်တာကို ဘက်ဆီက ခေါင်းတိုက်ပိတ်သွင်းခဲ့ပြီး ဒီရာသီ ပြိုင်ပွဲစုံမှာ ယူနိုက်တက်တို့ ထောင့်ကန်ဘောက ဂိုးပေးရတာက ၁၃ ဂိုးအထိရှိလာတာကြောင့် လက်ရှိ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ အများဆုံးပါပဲ။
ဒုတိယပိုင်းမှာ ဂါနာချို၊ လူငယ်တိုက်စစ်မှူး အိုဘီ မာတင်တို့ ဝင်လာပြီးနောက်ပိုင်း ယူနိုက်တက် တိုက်စစ် ကစားပုံကောင်းလာပေမဲ့ ဂါနာချိုရဲ့ အဆုံးသတ်စွမ်းရည်က စိတ်ပျက်စရာကောင်းသလို အိုဘီကလည်း လူငယ် ဖြစ်တာကြောင့် တိုးအားကောင်းပေမဲ့ ဂိုး အဆုံးသတ်ပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနေပါတယ်။
၇၁ မိနစ်မှာ ဒါလော့တ် ချိုးပေးတာကို ဘရူနိုဖာနန်ဒက်စ်က အလိုက်သင့်ကန်ပြီးတော့ ချေပဂိုးသွင်းခဲ့ပြီး အဲဒီနောက်ပိုင်း အိုဘီဟာ ပယ်နယ်တီဧရိယာအတွင်း အပိုင်အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမဲ့ လေနို ကာကွယ်နိုင်ခဲ့ပါတယ်။
သာမန်ပွဲကစားချိန်ပြည့်လို့ အချိန်ပိုမိနစ် ၃၀ ဆက်ကစားတော့လည်း ၁-၁ ဂိုးစီ သရေကျနေတဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ယူနိုက်တက်ဘက်က လင်ဒီလော့ဖ်၊ ဇာ့ခ်ဇီတို့ရဲ့ကန်ချက်တွေကို လေနို ကာကွယ်နိုင်ခဲ့လို့ ၄-၃ ဂိုးရလဒ်နဲ့ လက်ရှိချန်ပီယံ ယူနိုက်တက်အသင်း ပဉ္စမအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။